ယူကရိန်းမှာ အစိုးရ ထောက်ခံသူတွေနဲ့ ဆန့်ကျင်ဆန္ဒပြသူတွေ တိုက်ခိုက်

ပို့စ်တင်ချိန် - 2/16/2014 05:26:00 PM


ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိဗ်မြို့မှာ အစိုးရကို ထောက်ခံသူတွေကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဘေ့စ်ဘောကစားတဲ့ တုတ်တံတွေနဲ့ တိုက်ခိုက်မှု ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တာကို ဒေသခံ ရုပ်သံက ထုတ်လွှင့် ပြသခဲ့ပါတယ်။

သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ ကို ထောက်ခံသူ အုပ်စုတခုက သူတို့ ခေါင်းဆောင်ကို ထောက်ခံကြောင်းပြသတဲ့ အနေနဲ့ စာတမ်းတွေ ကိုင်ဆောင်ရင်း မိုဒန်ကို ရောက်လာတာပါ။ အုပ်စု ၂ ခုကြား တွန်းတိုက်မှုတွေ ဖြစ်ခဲ့ပုံကို ယူကရိန်း အမှတ်ငါး ရုပ်သံလိုင်းက ထုတ်လွှင့်ပြ ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ စည်ပင်သာယာ အဆောက်အဦတွေကို အပိုင်စီးထားရာက နေရာဖယ်ပေးဖို့နဲ့ အတားအဆီးတွေ လုပ်ထား တာကိုဖယ်ရှားဖို့ အစိုးရက ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးရက်သတ်မှတ်ထားပေမယ့် ကိဗ်မြို့လယ်က လွတ်လပ်ရေး ရင်ပြင်မှာတော့ တင်းမာမှုတွေမြင့်နေဆဲပါ။

ယူကရိန်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ ဖမ်းဆီးထိန်းသိမ်းထားသူ ၂၃၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် သူတို့အပေါ် ရာဇ၀တ်မှု စွဲဆိုချက်တွေကိုတော့ ပြန်ရုပ်သိမ်းမပေးထားပါဘူး ဒါကြောင့် တက်ကြွလှုပ်ရှားသူတွေက အစိုးရရဲ့ လုပ်ရပ်ကို အရှက်ရစရာအဖြစ် ဝေဖန်ရှုတ်ချရင်း နောက်ဆက်တွဲ လိုက်လျောမှုတွေ ပေးဖို့ ဆက်ဖိ အားပေးနေပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဥရောပ သမဂ္ဂနဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဖို့ ပျက်ကွက်ခဲ့မှုအတွက် ယူကရိန်းအစိုးရကို ပြည်သူတွေက မကျေနပ်ဘဲ ဆန္ဒပြမှုတွေအတွက် ယူကရိန်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခြေတလှမ်းဆုတ်ပေးတာလည်း ဖြစ်ပါတယ်။

လာမယ့် ရက်သတ်တပတ်မှာ ၀န်ကြီးချုပ် အသစ်ကို မရွေးချယ်ခင်သမ္မတဟာ တင်းမာမှုတွေ လျော့ကျစေချင်နေပါတယ်။

ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ရပြီး ၂၂ နှစ်အတွင်း မကြုံစဖူး ဆန္ဒပြပွဲတွေအတွင်း အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်လို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။

DVB Burmese