ရန်ကုန်ဆေးရုံကြီး ဆေးပစ္စည်း လိုအပ်ချက် ဂျပန်အစိုးရကူညီမည်

ပို့စ်တင်ချိန် - 2/22/2014 08:03:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆေးရုံသုံးပစ္စည်းများ ဝယ်ယူရန် ဂျပန်ယန်း ၉၇၈ သန်း (အမေရိကန်ဒေါ်လာ ၉၅ သိန်းဝန်းကျင်) ထောက်ပံ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr.Mikmo Numata က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက် မြို့နယ်များရှိ လူနာအများဆုံး လာရောက် ကုသကြသော်လည်း လုံလောက်သော ဆေးပစ္စည်း ကိရိယာများ မရှိသောကြောင့် ဆေးကုသရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ အရည်အသွေး ပြည့်မီသော ပြည်သူ့ဆေးရုံများ ဖြစ်လာစေရန်အတွက် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ခြင်း ဖြစ်ကြောင်း Mr.Mikmo Numata က ပြောဆိုသည်။

ဂျပန်အစိုးရက ရန်ကုန် ပြည်သူ့ဆေးရုံများတွင် ဆေးရုံသုံးပစ္စည်းများ ဝယ်ယူရေးနှင့် ရခိုင်ပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေး လမ်းဖောက်လုပ်ရေးအတွက် ဂျပန်ယန်းငွေ ၁,၇၁၆ သန်း (အမေရိကန် ဒေါ်လာ ၁၇ သန်း) ကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံ ပံ့ပိုးပေးထားကြောင်း ယင်းဂျပန်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly