မီဒီယာထောင်ချောက်များနှင့် ၂၀၁၅ ကို ကြိုတင်ပြင်ဆင်ခြင်းများ

ပို့စ်တင်ချိန် - 2/17/2014 10:46:00 AM


ယူနတီဂျာနယ်စီအီးအိုနှင့် သတင်းထောက်များအား တရားခွင်မှ ပြန်ထွက်လာသည်ကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်

(၁)
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ၂ဝ၁၄ ခုနှစ်အတွက် မီဒီယာညွှန်းကိန်းတွေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ယေဘုယျအားဖြင့်ကြည့်ရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာတယ်လို့ သူတို့က ဆိုပါတယ်။ အရင်နှစ်က အဆင့် ၁၅၁ ရှိပြီး ဒီနှစ်မှာ အဆင့် ၁၄၅ ကို ရောက်လာပါတယ်။ အာဆီယံနိုင်ငံတွေထဲ မြန်မာရဲ့အထက်မှာ ဘရူနိုင်း၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ရှိပါတယ်။ မြန်မာရဲ့အောက်ဘက်မှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်တို့ ရှိနေပါတယ်။

ဖိလစ်ပိုင်က အဆင့် ၁၄၉ နဲ့ မြန်မာအောက်ကို ရောက်နေတာက အံ့ဩစရာပါပဲ။ ဖိလစ်ပိုင်နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က မြန်မာထက် သာပါတယ်။ RSF ရဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွေမှာ စံနှုန်းတွေ ရှိပါတယ်။ အစိုးရကသော် လည်းကောင်း၊ အတိုက်အခံကသော် လည်းကောင်း၊ ကျန်နေတဲ့ အဖွဲ့အစည်းတွေကသော် လည်းကောင်း သတင်းမီဒီယာတွေကို တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် ထိန်းချုပ်ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း ကျဆင်းမှာပါ။

မြန်မာနိုင်ငံရဲ့ သဘောသဘာဝဟာ နိုင်ငံတကာနဲ့ မတူပါဘူး။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းမီဒီယာတွေကို ဖိနှိပ်ခြိမ်းခြောက်တာဟာ အစိုးရတစ်ဖွဲ့ပဲ ရှိပါသေးတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေက မီဒီယာကို ဖိအားပေးခြိမ်းခြောက်တာ မရှိသေးပါဘူး။ ဒါကြောင့်မို့ အစိုးရက သတင်းလွတ်လပ်ခွင့်ကို အနည်းငယ် ဖြေလျှော့ပေးချိန်မှာ ညွှန်းကိန်းတက်လာပါတယ်။ ညွှန်းကိန်းတက်လာပေမယ့် ခြွင်းချက်တစ်ခုကို RSF က ပြောခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်ကထက်စာရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ တုံ့နှေးသွားတယ်လို့ ဆိုပါတယ်။

(၂)
ဆင်ဆာစနစ်ကို ဖြေလျှော့လိုက်တယ်။ ပုဂ္ဂလိက သတင်းစာတွေကို ထုတ်ဝေခွင့်ပြုလိုက်တယ်။ အစိုးရက မီဒီယာအပေါ် လွှမ်းမိုးချုပ်ကိုင်မှုက ရှိတုန်းပါပဲ။ သတင်းသမားတွေလိုလားတဲ့ မီဒီယာဥပဒေကြမ်း ပြဌာန်းရေးက အခုချိန်ထိ ဖြစ်မလာသေးဘဲ အချိန်ဆွဲခံ ထားရပါတယ်။ အစိုးရရဲ့ ပြောနေကျ လက်သုံးစကားက လွတ်လပ်မှု၊ တာဝန်ယူမှုနဲ့ ဆင်ခြင်တုံတရားကို ယှဉ်တွဲသုံးစွဲရမယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ အရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်ကတည်းက ဒီမူကိုချခဲ့တာပါ။ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဦးကျော်ဆန်း မရှိတော့ပေမဲ့ ဦးကျော်ဆန်းနဲ့ လက်တွဲညီခဲ့တဲ့ ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်နေပါတယ်။ သူဟာ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ ပြန်ကြားရေးဝန်ကြီး ဘယ်သူဆိုတာကို သိသူနည်းနိုင်ပေမယ့် ဦးရဲထွဋ် ဘယ်သူဆိုတာကို သိသူက ပိုများနေပါတယ်။

အစိုးရဟာ အရင်မူဟောင်းကို လုံးဝပြောင်းလဲပစ်လိုက်တယ်လို့ မဆိုနိုင်ပါဘူး။ မျက်နှာပေါ် မိတ်ကပ်ခြယ်ပြီး အသွင်ပြောင်းလိုက်တယ်လို့ ပြောနိုင်ရုံအဆင့်ပဲ ရှိပါသေးတယ်။ မိတ်ကပ်ပြယ်ချိန်မှာ ပင်ကိုမျက်နှာက ပေါ်ထွက်လာစမြဲပါ။ သတင်းမီဒီယာကို ချုပ်ကိုင်လိုသူများကြောင့် သူတို့ရဲ့ မိတ်ကပ်ပြယ်စမျက်နှာကို စတွေ့လာရပါပြီ။

ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေဆဲ မီဒီယာဥပဒေကြမ်းက ကန့်သတ်ချက်တွေ ရှိနေပါတယ်။ အစိုးရ ကျောထောက်နောက်ခံ ရေးဆွဲထားတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းက လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို တာဆီးကန့်သတ်ထားရာ ရောက်နေပါတယ်။ ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုက တစ်ကျော့ပြန် ခေါင်းထောင်လာပါတယ်။

ဒီရက်ပိုင်းမှာ ပိုဆိုးစေတဲ့အချက်က နိုင်ငံတကာ ဂျာနယ်လစ်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ အရင်က ပြည်ဝင်ခွင့်သက်တမ်းကို သုံးလပေးရာက တစ်လပဲပေးတော့တယ်။ အာဆီယံထိပ်သီး ဆွေးနွေးပွဲလို အခမ်းအနား လာရောက်မယ့် သတင်းထောက်တွေဟာ ပွဲမစခင် နှစ်ရက်ကနေ ပွဲပြီးချိန် နှစ်ရက်အထိပဲ ပြည်ဝင်ခွင့်ရပါတော့မယ်။ ပွဲမစခင် ရောက်အောင်လာ။ ပွဲပြီးတာနဲ့ပြန်။ နိုင်ငံတွင်းမှာ ဆက်နေခွင့်မပေးဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဂျာနယ်လစ်တွေရဲ့ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

(၃)
အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေး ယန္တရားဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ပိုခိုင်မာအောင် တည်ဆောက်နေပါတယ်။ အစိုးရရဲ့ သတင်းစီးဆင်းမှုတွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်အဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တယ်ဆိုပေမဲ့ ကြည့်ကောင်းရုံဟန်ပြ ဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာ မူလအတိုင်း သတင်းပိတ်ဆို့မှုတွေ ရှိနေပါတယ်။

တစ်ဖက်မှာလည်း အစိုးရပိုင် သတင်းစာတွေ၊ ရုပ်သံမီဒီယာတွေကို ခိုင်မာအောင် တည်ဆောက်နေပါတယ်။ ပြည်သူ့ဘဏ္ဍာငွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ တည်ဆောက်နေတာပါ။ ပုဂ္ဂလိကပိုင် သတင်းစာတွေကို ဈေးနှုန်းအရ ဖိသတ်ထားပါတယ်။ ဈေးကွက်တွင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို အသာစီးယူထားသလို အစိုးရသတင်းတွေကိုလည်း အုပ်စီးထားပါတယ်။

ဒီလုပ်ရပ်တွေအပြင် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေဟာ ကျင့်ဝတ်မလိုက်နာဘူး။ ထင်ရာစိုင်းပြီး လက်လွတ်စပယ် ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အစိုးရပိုင်းက တစ်စိုက်မတ်မတ် လုပ်လာပါတယ်။ သူတို့ဘက်က သတင်းထုတ်ပြန်မှု နည်းပါးတာ၊ သတင်းထိမ်ချန်တာ၊ အချိန်မီအတည်ပြု၊ ငြင်းချက်ထုတ်တာတွေ မပေးနိုင်ဘဲ ဖြစ်လာတဲ့ သတင်းတင်ပြမှု ချို့ယွင်းချက်တွေမှာ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေရဲ့ အမှားဖြစ်အောင် တွန်းပို့လာပါတယ်။ သတင်းပညာရပ် အားနည်းသူတွေ ခံကြရပါတယ်။

ဒီကိစ္စတွေအပြင် မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ ထောင်ချောက်တွေကို သိသိသာသာ မြင်လာရပါတယ်။

(၄)
မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ ပထမခြေလှမ်းက ပုဂ္ဂလိက သတင်းစာတွေ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်လိုခြင်း ဖြစ်ပါတယ်။ အပေါ်ယံ သကာလောင်းထားတဲ့ ဟန်ပြမီဒီယာလွတ်လပ်ခွင့်ပေးပြီး နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုကို ယူခဲ့ပါတယ်။ စိတ်ချရတဲ့ အနေအထား ရောက်ချိန်မှာ သူတို့ဘက်က ဗျူဟာကျကျ ရေးဆွဲထားတာတွေကို စတင်အသုံးပြုခဲ့ပါတယ်။ ငွေကြေးရင်းနှီးမှုအားဖြင့် ပထမဆုံး ဖိနှိပ်မှုခြေလှမ်းကို စခဲ့ပါတယ်။

အစိုးရသတင်းစာ၊ အစိုးရရုပ်သံ မီဒီယာတွေဆိုတာ ပြည်သူ့ဘဏ္ဍာငွေကို သုံးထားတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အခြေခံအဆောက်အအုံ၊ ပုံနှိပ်စက်ပိုင်းဆိုင်ရာ၊ ဖြန့်ချိရေးကွန်ရက်၊ ကိုယ်ပွားသတင်းစာတိုက်များ အားလုံးဟာ ပြည်သူ့ဘဏ္ဍာငွေကိုသုံးပြီး တည်ဆောက်ထားခဲ့ကြတာပါ။

ပုဂ္ဂလိကပိုင် သတင်းစာတွေက ဒီလိုမဟုတ်ပါဘူး။ အရာအားလုံးကို မိမိပိုင်ငွေကြေးနဲ့ လည်ပတ်ရတာပါ။ သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုငွေက သတင်းစာရောင်းအားနဲ့ ကြော်ငြာဝင်ငွေက ရပါတယ်။ သတင်းစာတစ်စောင်ထုတ်ဖို့ လူသားအရင်းအမြစ်၊ အဆောက်အအုံ၊ စက်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိမှ ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အရှုံးအမြတ် မသေချာပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးအမြတ် မသေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပုဂ္ဂလိက သတင်းစာတွေ ထွက်လာပါတယ်။ ကာလတစ်ခုကို ရောက်လာချိန်မှာ ငွေကုန်၊ လူပင်ပန်း ဖြစ်လာပါတယ်။ ထပ်ပြီး မရင်းနှီးနိုင်တော့လို့ ရပ်လိုက်ရသူတွေ ရှိသလို၊ ကျားကန်ဖို့ ကြိုးစားနေသူတွေလည်း ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာတင် ကျားကန်နေရတဲ့ သတင်းစာတွေဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အနေအထားရောက်ဖို့ အရည်အသွေး မြှင့်တင်မှုအပိုင်းမှာ ခက်ခဲလာပါတယ်။

မီဒီယာတွေကို ကန့်သတ်ချုပ်ချယ် လိုသူတွေကတော့ ပြည်သူ့ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ သူတို့ရဲ့ သတင်းစာ၊ ရုပ်သံတွေကို ပိုခိုင်မာအောင်လုပ်ပြီး စင်ပေါ်မှာ ရပ်နေပါတယ်။

(၅)
မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ ဒုတိယခြေလှမ်းက ရင်းနှီးမြှုပ်နှံမှုအရ ယိုင်နဲ့လာတဲ့ ပုဂ္ဂလိက သတင်းစာတွေကို သူတို့လက်ဝေခံတွေနဲ့ အကျိုးတူပူးပေါင်းဖို့ လမ်းခင်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ ရန်ကုန်တိုင်းမ် သတင်းစာထုတ်ဝေမှု ရပ်နားလိုက်ပါတယ်။ အပြင်အဆင်ပြောင်းလဲဖို့ ယာယီရပ်နားတယ်လို့ သူတို့က ဆိုပါတယ်။ ရန်ကုန်တိုင်းမ်သတင်းစာ ထုတ်ဝေချိန်က သတင်းစာရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ City Mart က ငွေကြေးထည့်ဝင်မှု ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ သတင်းစာရဲ့ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက ဒီသတင်းကို ငြင်းပါတယ်။ အခု ရပ်နားသွားတဲ့ ရန်ကုန်တိုင်းမ်သတင်းစာမှာ ရွှေသံလွင်ကုမ္ပဏီ Sky Net က ရှယ်ယာဝင်ပြီး ဆက်ထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို ဟုတ်၊ မဟုတ်ကို အတိအလင်း ပြောထားတာ မရှိပါဘူး။ ရန်ကုန်တိုင်းမ်နဲ့ နီးစပ်သူတွေဆီက ဒီသတင်းကို ကြားရတာပါ။

(၆)
လက်ရှိအချိန်မှာ ထုတ်ဝေခွင့်ရထားတဲ့ ပုဂ္ဂလိကသတင်းစာ ၁၈ စောင်ရှိပါတယ်။ ဈေးကွက်ထဲ ရောက်တာက ၁၁ စောင်လောက်ပဲ ရှိပါတယ်။ ဒီထဲကမှ အရောင်းရဆုံး ထိပ်တန်းငါးစောင်စာရင်းမှာပါတဲ့ သူတွေအားလုံး ရုန်းကန်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ တချို့ဆိုရင် ရှယ်ယာရှင်တွေကို ခေါ်နေရတဲ့ အခြေအနေ ရောက်နေပါပြီ။ တစ်ဦးချင်းရပ်တည်ဖို့ ခက်ခဲနေကြပါတယ်။

ကြားနေရတဲ့ သတင်းတွေအရ အစိုးရကျောထောက်နောက်ခံ မြန်မာ့ငြိမ်းချမ်းရေးဗဟို (MPC) က အဖွဲ့ဝင်တချို့က ပုဂ္ဂလိကသတင်းစာတစ်စောင်မှာ ရှယ်ယာဝင်ထားပါတယ်။

ဒါတွေအပြင် နိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ အတိုက်အခံ မီဒီယာအဖြစ် ကာလရှည် ရပ်တည်နေခဲ့ရာက ပြည်တွင်းဝင်ပြီး သတင်းစာထုတ်၊ ဆက်မရပ်တည်နိုင်တော့လို့ FMI ကုမ္ပဏီ အပါအဝင် မြန်မာတိုင်းမ်ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးကို ရှယ်ယာဝင်ခိုင်းပြီး ဆက်ထုတ်နေရတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သွယ်ဝိုက်စွာ ထောက်ပံ့ထားတဲ့ သတင်းစာ၊ ဂျာနယ်၊ သာသနာရေးဝန်ကြီးက ထောက်ပံ့နေတယ်ဆိုတဲ့ ဂျာနယ်၊ IGE ကုမ္ပဏီပိုင်ရှင် ထုတ်ဝေနေတဲ့ ဂျာနယ်၊ CB ဘဏ်က ကျောထောက်နောက်ခံပေးထားတဲ့ ဂျာနယ် အစရှိသဖြင့် ရှိနေပါတယ်။

ဖော်ပြပါ ချိတ်ဆက်မှုတွေက အပေါ်ယံသဘောပဲ ရှိပါသေးတယ်။ ပုဂ္ဂလိက မီဒီယာလောကထဲမှာ ဝန်ကြီးတွေ၊ ဝန်ကြီးဟောင်းတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ သားသမီး၊ ဆက်နွှယ်သူတွေ ကျောထောက်နောက်ခံပေးပြီး ထုတ်ဝေနေရတဲ့ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေ အများအပြား ရှိနေပါတယ်။ မကြာခင်ထုတ်ဝေမယ့် ဂျာနယ်၊ ထပ်ချပေးထားတဲ့ သတင်းစာတွေဟာလည်း ခရိုနီလုပ်ငန်းရှင် တော်တော်များများဆီက ငွေကြေးတွေ ယူထားတယ်လို့ သိရပါတယ်။

ဒီကြားထဲမှာပဲ မီဒီယာကို ထိန်းချုပ်လိုသူများရဲ့ လက်ဝေခံတချို့က တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် ကျောထောက်နောက်ခံပြုပြီး ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ် အများအပြား ရှိနေပါတယ်။ တစ်ဖက်မှာလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးတယ်ဆိုတဲ့ အစိုးရရဲ့ အကြောင်းပြချက်နဲ့ ထွက်လာတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဒီလူတွေပါလာပြီး မီဒီယာလောကထဲ ရောက်လာပါတယ်။

အမှန်တကယ်တော့ မီဒီယာလောကရဲ့ ရာခိုင်နှုန်း ၈ဝ ဟာ လွတ်လပ်ပြီး မလွတ်လပ်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ အမှီအခို အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်တဲ့ မီဒီယာဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထား ဖြစ်လာပါတယ်။

(၇)
အခုချိန်မှာ အပြောများနေတဲ့ကိစ္စက သတင်းထောက်တွေ ကျင့်ဝတ်မညီဘူးဆိုတဲ့ ကိစ္စပါ။ မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူ တချို့က စတင်လမ်းကြောင်းခဲ့တာကို သူတို့ရဲ့ လက်ဝေခံတွေက ဖြန့်ဝေပြောဆိုကြရင်း အသံတွေ ထွက်လာတာပါ။

ယူနတီဂျာနယ်ကိစ္စ ဖြစ်လာချိန်မှာ မီဒီယာတွေ ကျင့်ဝတ်လိုက်နာရမယ်ဆိုတဲ့ အကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ဆောင်းပါးရှင်း ဦးစည်သူအောင်မြင့်တို့က ကျယ်ကျယ်လောင်လောင် ပြောလာပါတယ်။ အာဘော်ချင်းတူနေတဲ့ သူတို့ရေးသားချက်တွေမှာ အငြင်းပွားဖွယ်တွေ ရှိနေပါတယ်။

အထူးသဖြင့် နိုင်ငံရေး အတင်းအဖျင်းတွေကို အဝါရောင်ဆန်ဆန် ရေးသားဖော်ပြလာကြရာက ဒီအသံတွေ ထွက်လာတာပါ။ ဒါပေမဲ့ အခုရေးနေကြတဲ့ အဝါရောင်စာနယ်ဇင်းဆန်ဆန် နိုင်ငံရေး အတင်းအဖျင်းတွေဆိုတာ တစ်ချိန်တုန်းက မီဒီယာကို ဖိနှိပ်ခဲ့ပြီး လက်ရှိအချိန်မှာ မီဒီယာလွတ်လပ်ခွင့် ပေးနေပါတယ်လို့ ပြာနေသူတွေ ဦးဆောင်ထုတ်ဝေခဲ့တဲ့ သတင်းစာတွေထဲက နိုင်ငံရေးအရ ပုဂ္ဂိုလ်ရေးထိုးနှက် ဝါဒဖြန့်ဆောင်းပါးတွေနဲ့စာရင် မပြင်းထန်တာကို တွေ့ရမှာပါ။

တစ်ချိန်တုန်းကလည်း မီဒီယာနယ်ပယ်မှာ အနုပညာရေးရာ သတင်းတွေကို အဝါရောင်ဆန်ဆန်ရေးပြီး ထုတ်ဝေကြတဲ့ ဂျာနယ်တွေ ရှိခဲ့ဖူးပါတယ်။ စာဖတ်သူတွေ လက်မခံတော့တဲ့အချိန်မှာ အဲဒီဂျာနယ်တွေ ကွယ်ပျောက်သွားပါတယ်။

အဝါရောင် စာနယ်ဇင်းတွေရဲ့ ရေးသားဖော်ပြချက်ကိုကြည့်ပြီး သတင်းထောက်တွေ ကျင့်ဝတ်ဖောက်နေတယ်လို့ တထစ်ချစွပ်စွဲလို့ မရပါဘူး။ အမေရိကန်၊ ဗြိတိန် အစရှိတဲ့ နိုင်ငံတွေမှာ အဝါရောင် စာနယ်ဇင်းတွေ အများကြီးရှိပါတယ်။ လူပြိန်းကြိုက် ဖော်ပြမှုတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ဖော်ပြချက် တစ်ခုတည်းကိုကြည့်ပြီး အမေရိကန်မီဒီယာလောက ပျက်စီးနေပြီ၊ ဗြိတိန်မီဒီယာလောက ပျက်စီးနေပြီလို့ စွပ်စွဲပြောဆိုတာ မရှိပါဘူး။ သီးခြားစီ တစ်စောင်ချင်းခွဲပြီး ပြောကြတာပါပဲ။

News of the World သတင်းစာကျင့်ဝတ်ဖောက်ရင် News of the World ကိုပဲ ပြောပါတယ်။ အားလုံးကို မပြောပါဘူး။ The Sun သတင်းစာကျင့်ဝတ်ဖောက်ရင် The Sun ကိုပဲ ပြောပါတယ်။ The Sun ရဲ့ ရေးသားချက်တွေကိုကြည့်ပြီး The Guardian တို့၊ The Observer တို့၊ The Independent တို့ကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းပါဘူး။

သူ့အဆင့်နဲ့သူ ရှိနေတာကို သတိပြုဖို့ လိုပါတယ်။ အဝါရောင် စာနယ်ဇင်းတွေက အဝါရောင်ပုံစံပဲရေးမှာ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိသူတွေက သူတို့ကျင့်ဝတ်အတိုင်း ရေးမှာဖြစ်ပါတယ်။ အသရေဖျက်ခံရလို့ နစ်နာတယ်ဆိုရင် နစ်နာသူက တရားစွဲနိုင်ပါတယ်။ လျော်ကြေးတောင်းနိုင်ပါတယ်။ ဒါက မှန်ကန်တဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြေရှင်းနည်းတွေက သဘာဝမကျတာ တွေ့နေရပါတယ်။ အစောပိုင်းက ဂျာနယ်တချို့မှာ အမြင်မတင့် ဖော်ပြချက်တွေကို အရေးယူဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)ကို စာပို့ပါတယ်။ သူရိယအလင်း၊ သူရိယနေဝန်း ကိစ္စတွေမှာလည်း စာပို့ပါတယ်။ မြန်မာသံတော်ဆင့်ရဲ့ ရေးသားချက်အချို့ကိုလည်း စာနယ်ဇင်းကောင်စီက စာပို့ပါတယ်။ လူထုပုံရိပ်ကိုတော့ ပြည်ထဲရေးက ခေါ်ယူသတိပေးပါတယ်။ ယူနတီကိစ္စ ဖြစ်လာချိန်မှာ တစ်ခါတည်းဖမ်းဆီး ပုဒ်မတပ်ပြီး တရားစွဲလိုက်ပါတယ်။ ဖြေရှင်းနိုင်တဲ့ တခြားနည်းလမ်း ရှိပါလျက် ဖမ်းဆီးထောင်ချနိုင်တဲ့ နည်းလမ်းကို သုံးခဲ့တာပါ။

သူရိယအလင်း၊ မြန်မာသံတော်ဆင့်၊ လူထုပုံရိပ်၊ ယူနတီဂျာနယ်တို့ကို အရေးယူပုံခြင်း မတူပါဘူး။

(၈)
မီဒီယာ ပြုပြင်ပြောင်းလဲမှု ဧချင်းတွေဆိုနေပေမဲ့ မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ သဘောထားလုပ်ရပ်တွေကြောင့် သံသယရှိစရာ ဖြစ်လာပါတယ်။ ပုဂ္ဂလိကသတင်းစာ၊ မီဒီယာတွေကို ခေါင်းမထောင်နိုင်အောင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖိနှိပ်ခြင်းကို ပထမဆုံး ပြုလုပ်ပါတယ်။ ဒုတိယခြေလှမ်းက ယိုင်နဲ့လာတဲ့ သတင်းစာ၊ မီဒီယာတွေကို သူတို့နဲ့ဆက်နွှယ်နေတဲ့ ခရိုနီလုပ်ငန်းရှင်တွေ၊ မီဒီယာကို ကန့်သတ်ထိန်းချုပ်လိုသူတွေရဲ့ လက်ဝေခံသူတွေကို ဝင်ရောက်နေရာ ယူစေခဲ့ပါတယ်။ တတိယခြေလှမ်းက မီဒီယာလောကကြီးတစ်ခုလုံး ကျင့်ဝတ်မရှိ၊ ပျက်စီးနေပြီး ထင်ရာစိုင်းနေတယ်ဆိုတဲ့ အထင်ရောက်အောင် သူတို့ရဲ့ လက်ဝေခံတွေကတဆင့် ဝါဒဖြန့်ချိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စတုတ္ထခြေလှမ်းက ဥပဒေထောင်ချောက်ထဲ ဆွဲသွင်းပါတယ်။ ဒီနောက် တရားရုံးရောက်ချိန်မှာ မျှတတဲ့ တရားစီရင်မှု မပေးဘဲ ထောင်ချလိုက်ပါတယ်။ Eleven Media Group နယ်သတင်းထောက်မခိုင်ကို ထောင်ချခြင်းနဲ့ ယူနတီဂျာနယ် သတင်းထောက်တွေကို ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်တွေက ဒီအချက်ကို ထင်ရှားစေပါတယ်။

မီဒီယာကို ကန့်သတ်ချုပ်ခြယ်လိုသူတွေက မီဒီယာကို အခုထက်ပိုပြီး ထိန်းချုပ်တာတွေ လုပ်မှာမဟုတ်ပါဘူး။ သူတို့လိုချင်တာကို ထောင်ချောက်ဆင်ပြီး နည်းလမ်းပြောင်းလုပ်တော့မှာ ဖြစ်ပါတယ်။

ထောင်ချောက်ထဲ ရောက်လာတဲ့ သတင်းထောက်တွေကိုတော့ ဂွင်ထဲကနေ ကြီးမားတဲ့ ပြစ်ဒဏ်တွေပေးဖို့ အဆင်သင့်ပြင်ထားပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ သတင်းထောက်တွေကို မရေးရဲအောင်၊ မလုပ်ရဲအောင် လုပ်လာမယ့် ခြေလှမ်းတွေ တွေ့နေရပါပြီ။ ဒါတွေဟာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ခြေလှမ်းတွေ ဖြစ်နိုင်ပါတယ်။ သေချာတာက အာဏာရှင်စနစ်ကို ဖက်တွယ်လိုသူတွေ ရှိနေတုန်းပါပဲ။ သူတို့တွေဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကို ဖော်ထုတ်မယ့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး ချိုးဖျက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

အခုဖြစ်နေတဲ့ အခင်းအကျင်းတွေက ၂ဝ၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်မယ့် မီဒီယာထောင်ချောက်တွေ ဖြစ်လာနိုင်တဲ့ သဘောဆောင်နေပါတယ်။ သတင်းမီဒီယာများအနေနဲ့ မီဒီယာထောင်ချောက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမယ့်အချိန် ရောက်လာပါပြီ။



Eleven Media Group