မြစ်၊ ချောင်းများအတွင်း စည်းကမ်းမဲ့ သဲစုပ်ယူ တူးဖော်ခြင်းများ အရေးယူမည်

ပို့စ်တင်ချိန် - 2/12/2014 09:23:00 PM




မန္တလေး၊ ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြစ်၊ ချောင်းများအတွင်း သဲစုပ်ခြင်း၊ သဲတူးဖော်ခြင်း၊ သဲကျုံးခြင်းနှင့် မြစ်ကျောက်ထုတ်ခြင်း ဆိုင်ရာ စည်းကမ်းများကို လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

"အဲဒီ စည်းကမ်းချက်တွေနဲ့ ပတ်သက် ပြီး သဲထုတ်ယူတဲ့ လုပ်ငန်းရှင်တွေကို သိရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုး ခိုင်းထားတယ်။ မလိုက်နာတဲ့ သူတွေကို အရေးယူတာတွေ ရှိပါတယ်။ လိုက်နာဖို့လည်း လိုပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူ များသည် ဇန်နဝါရီလ ပထမအတွင်းက ဒုဋ္ဌဝတီမြစ် အတွင်း သဲစုပ်ယူမှုများနှင့် ပတ်သက်၍ ဥပဒေနှင့် မညီဟု ဆိုကာ လာရောက်စစ်ဆေး ခဲ့ကြောင်း အဆိုပါ ဒုဋ္ဌဝတီမြစ်အတွင်း သဲစုပ်ယူ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

မြစ်၊ ချောင်းများအတွင်း သတ်မှတ်ထားသော ရေလမ်းထိန်းလုပ်ငန်း အတွက် ပြုစု ထိန်းသိမ်းထားသည့် သောင်များမှလည်းကောင်း၊ မြစ်၊ ချောင်းများအတွင်း တားမြစ်ထားသည့် နေရာမှ လည်းကောင်း၊ ရေလမ်းကြောင်း အတွင်းမှလည်းကောင်း သဲစုပ်ခြင်း၊ သဲကျုံးခြင်း၊ သဲတူးခြင်း၊ မြစ်ကျောက်ထုတ်ခြင်း မပြုရဟူ၍ လည်းကောင်း၊ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်၊ ကမ်းနားနယ် တို့တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုချက် မရဘဲ စီးပွားရေးလုပ်ငန်း အလို့ငှာ သဲစုပ်ခြင်း၊ သဲတူးခြင်းခြင်း၊ သဲကျုံးခြင်း၊ မြစ်ကျောက် ထုတ်လုပ်ခြင်းလုပ်ငန်း မလုပ်ရဟူ၍ လည်းကောင်း ယင်းဦးစီးဌာန ထုတ်ပြန်ထားသော စည်းကမ်းချက်တွင် ပါရှိသည်။

ယင်းစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ပျက်ကွက်သူကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၇ အရ အရေးယူ အပြစ်ပေးခြင်း ခံရမည်ဖြစ်ကာ တရားမဝင် သဲထုတ်လုပ်သည်ဟု စီရင်ခံရပါက ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ၃ သောင်းထက် မပိုသော ငွေဒဏ်ကိုဖြစ်စေ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ် စီရင်နိုင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရှိရသည်။

ဒုဋ္ဌဝတီမြစ် အတွင်းတွင် ဇန်နဝါရီလ ပထမပတ်က တရားမဝင် သဲခိုးယူ ထုတ်လုပ်သူ သုံးဦးကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဆိုင်ရာ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးထံမှ သိရသည်။

မြစ်၊ ချောင်းများအတွင်း စည်းကမ်းမဲ့ သဲစုပ်ယူခြင်း၊ သဲတူးခြင်းများကြောင့် မြစ်ကမ်းပါးများ ပြိုကျခြင်း၊ မြစ်ကြောင်းတိမ်လာခြင်း၊ မြစ်ကြောင်း ပြောင်းလဲခြင်း၊ မြစ်ရေ အရောင် ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မြစ်၊ ချောင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားချက် အရ သိရသည်။
The Voice Weekly