လ္ဘက်ရည်ဆိုင်အတွင်း မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူတစ်ဦး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/09/2014 06:18:00 PM


ဇော်ဇော်ထွေး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ တစ်ဦးကို ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ညနေ ၃နာရီခွဲအချိန်တွင် တာမွေလမ်းမကြီးပေါ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်သို့ ဝင်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် လက်ဖက်ရည်ဆိုင်အတွင်း စားပွဲခုံတွင် ထိုင်နေသူ ဖုန်းပြင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/အရှေ့ရပ်ကွက်၊ (၉၄)လမ်းတွင် နေသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

ထို့ကြောင့် ၎င်းဝတ်ဆင်သည့် အင်္ကျီလက်ရှည် ဝဲဘက်အိတ်ကပ်အတွင်းမှ အပြာရောင်တိပ်အပိုင်းဖြင့် ပတ်လျက် ငွေကျပ် ငါးသောင်းတန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား (၅)ပြားစီပါသည့် အအေးစုပ်ပိုက် (၂)ချောင်းကို တွေ့ရှိခဲ့သည်။

ယင်းအပြင် ငွေကျပ် ငါးသောင်းကိုးထောင့်ရှစ်ရာ တန်ဖိုးရှိ ICE ဟုယူဆရသည့် မူးယစ်ဆေးဝါး (၂ဒဿမ ၉၉)ဂရမ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ဖုန်း(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါး လက်ဝယ်မိသူကို အရေးယူပေးရန် ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဗဟန်းရဲစခန်းက မယ(ပ)၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese