မိုးမိတ်-မန္တလေးလမ်းတွင် ရေသန့် ဖြန့်ချိရေးကားကို အဖွဲ့အစည်းတစ်ခုက ဆပ်ကြေးတောင်း

ပို့စ်တင်ချိန် - 2/06/2014 07:02:00 PM


Thursday, February 6, 2014

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ AHA သောက်ရေသန့်လုပ်ငန်းက ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်သို့ သွားရောက်ကာ ဈေးကွက်ဖြန့်ချိပြီး အပြန် မိုမိတ်မြို့နှင့် ၁၃မိုင်ခန့်အကွာ အရောက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ငွေကျပ်ခြောက်သိန်း ဆပ်ကြေးအဖြစ်တောင်းခံခဲ့သဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု AHA သောက်ရေသန့် ပြင်ပဆက်ဆံရေး မန်နေဂျာ ဦးခိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

“ ဆပ်ကြေးပေးရတဲ့အချိန်မှာ ကျွန်တော်မပါပါဘူး။ ဖြန့်ချိရေးလုပ်ဖို့သွားတဲ့ လေးယောက်က ဖြစ်စဉ်နဲ့ ဆပ်ကြေးပေးခဲ့ရတယ် ပြောတဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို သွားရောက်အမှုဖွင့်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကတဆင့် ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းကို သွားရောက် အမှုဖွင့်ဖို့ ပြောတဲ့အတွက် သွားရောက်ခဲ့ပြီးဖြစ်ပါတယ်၊ အဲဒီရဲစခန်းကလည်း အမှုကိုလက်ခံထားပြီး အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်” PR မန်နေဂျာ ဦးခိုင်ဝင်းကပြောသည်။

ဖေဖော်ဝါရီလ ၂ရက် နံနက်က မိုမိတ်မြို့နှင့် ၁၃မိုင်ဝေးသော မိုးသောက်ကြယ်စားသောက်ဆိုင်တွင် ရေဖြန့်ချိမှုပြုလုပ်ပြီး မန္တလေးသို့ ပြန်ရန် လမ်းခရီး၌ ညအိပ်ရပ်နားခဲ့ပြီး ၃ရက်နေ့ နံနက်
ခြောက်နာရီ ဝန်းကျင်တွင် ကျယ်လောင်သော အသံတစ်ချက်ကြားခဲ့ရသည်။ ထိုအသံကြားပြီးနောက် မိုးသောက်ကြယ် စားသောက်ဆိုင်နှင့် မဝေးသောနေရာရှိ စစ်တပ်စခန်းတစ်ခု မီးလောင်နေသဖြင့် ထွက်ကြည့်ရန် ပြင်ဆင်နေချိန်တွင် အနီးရှိ တောင်ပေါ်မှ အမည်မသိ အဖွဲ့အစည်းမှ လူ၃၀ခန့် (တောင်ပေါ်တွင် အယောက်လေးဆယ်ခန့် ရှိသေးဟုခန့်မှန်း)က ဆင်းလာပြီး ဘေးဘီဝဲယာများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ ထို့နောက်ကားအနီးသို့ လာရောက်ကာ ရိက္ခာအတွက် ငွေကျပ်ခြောက်သိန်း ဆပ်ကြေးပေးရန် တောင်းသဖြင့် ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

“လူတွေကို ဒုက္ခမပေးဘူးလို့ ပြောတဲ့အတွက် ငွေကိုင်တဲ့ ကိုဇော်မျိုးထွန်းက ပိုက်ဆံပေးလိုက်ပါတယ်၊ ပိုက်ဆံ ခြောက်သိန်းယူပြီး ထွက်သွားပါတယ်။ ရွာသားတွေရော၊ ဆိုင်တွေရော ဘာမှဖျက်ဆီးခြင်း မရှိပါဘူး။ ကျွန်တော်တို့ကိုလည်း”ဟု ရေသန့်ဈေးကွက်ဖြန့်ချိရေး ကားမောင်းသည့် ကိုဇော်မိုးကပြောသည်။

ယခုကဲ့သို့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မန္တလေးအပြန်တွင် နီးစပ်ရာ စစ်တပ် စခန်းတစ်ခုသို့ အကြောင်းကြားမှု ပြုလုပ်ခဲ့ပြီး တိုက်ရိုက်ပြန်ခဲ့ကာ ဖြစ်ပွားပုံများကို ရေသန့်စက်ရုံ တာဝန်ရှိသူထံ ပြန်လည်ရှင်းပြခဲ့ပြီး အမှုဖွင့်ခြင်းကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်ဟု AHA ရေသန့်လုပ်ငန်းက မိုးမိတ်ကို ရေသန့်သွားရောက်ဖြန့်ချိသူများက မဇ္ဈိမကိုပြောသည်။

Mizzima - News in Burmese