ထန်းဂွမြောက်ရွာမှ ခိုးယူခံခဲ့ရသည့် ဗုဒ္ဓရုပ်ပွားတော် ထူးခြားအံ့သြဖွယ် ဖြစ်စဉ်များဖြင့် ပြန်လည်ပင့် ဆောင်နိုင်

ပို့စ်တင်ချိန် - 2/17/2014 12:00:00 PM




မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွမြောက်ရွာ အလယ်ကျောင်းတွင် ကိုးကွယ်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူသည် မသမာသူများ ခိုးယူသွားခဲ့သော်လည်း အံ့သြဖွယ် ဖြစ်စဉ်၊ ဖြစ်ရပ်များနှင့် မူလကိုးကွယ်ရာ ထန်းဂွမြောက်ရွာအလယ် ကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ကြောင်း ထန်းဂွမြောက်ရွာ အလယ်ကျောင်းတိုက် ဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကိုးကွယ် ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထန်းဂွရွာသူ၊ ရွာသားများက ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှ လက်ညှိုးတော်အား ဖြတ်တောက် ခိုးယူခြင်း ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်ည လေကြီးမိုးကြီး တိုက်ခတ်နေချိန်တွင် မသမာသူများက ဗုဒ္ဓရုပ်ပွားတော် ၏ ခြေထောက်အောက်ခြေမှ ဖြတ်တောက် ခိုးယူခဲ့ကြသည်။ ထိုသို့ခိုးယူ ခံခဲ့ရပြီး လေးလကျော်အကြာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ထန်းဂွမြောက်ရွာ အလယ်ကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက မွန်ပြည်နယ် ကော့ကရိတ်မြို့မှ ပြန်လည် ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''လက်ညှိုးခိုးသွားတာက ကြာပြီ။ ပျောက်ခါစတုန်းကတော့ ကလေးတွေဆော့လို့ ကျိုးတယ် ထင်တာ။ အခုမိလာမှ ခိုးသွားတာ သိရတယ်။ လက်ညှိုးကို နမူနာအနေနဲ့ အရင်ခိုးသွားတာ။ ဘုရား ကြီး ပျောက်တုန်းကလည်း လေကြီးမိုးကြီးကျနေတော့ ဘယ်သူမှ မသိလိုက်ကြဘူး'' ဟု ဆရာတော်က မိန့်သည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင် လာနိုင်ခဲ့ သည့် ဖြစ် စဉ်၊ ဖြစ်ရပ်များမှာ အံ့သြဖွယ်ဖြစ်သည်။ ဂျာနယ်တစ်စောင်တွင် ထိုင်းနိုင်ငံသို့ ခိုးထုတ်ရန် ရုပ်ပွားတော်အား သယ်ဆောင်လာစဉ် ကော့ကရိတ်မြို့၌ သက်ဆိုင်ရာမှ စစ်ဆေး တွေ့ရှိခဲ့ သည့် သတင်းကို နွားထိုးကြီးမြို့နယ် ဖက်ခူးကျေးရွာသား တစ်ဦးက ခရီးသွားရင်းဖတ် ရှုခဲ့ရသည်။ ထန်းဂွကျေးရွာနှင့် ဖက်ခူးကျေးရွာတို့မှာ နွားထိုးကြီး မြို့၏တောင် ဘက်နှင့် မြောက်ဘက် ဆန့်ကျင်ဘက် အရပ်တွင်ရှိနေသော်လည်း ဂျာနယ်မှ သတင်းဖတ်ရှုခဲ့ရသူမှာ ဗုဒ္ဓရုပ်ပွားတော် ခိုးယူခံခဲ့ရသည့် သတင်းကိုကြားသိ နေခဲ့သဖြင့် ဂျာနယ် တွင် ဖော်ပြ ပါရှိနေသည့် ရုပ်ပွားတော်မှာ ထန်းဂွကျေးရွာမှ ခိုးယူခံခဲ့ရသည့် ရုပ်ပွားတော် ဖြစ်လေမလားဟု တွေးထင်ကာ ထန်းဂွကျေးရွာသို့ ဆက်သွယ် သတင်းပေးခဲ့ခြင်း ဖြစ်သည်။

ဆရာတော်နှင့် ရပ်ရွာလူကြီးများက ကော့ကရိတ်မြို့သို့ လိုက်သွားခဲ့ရာ ကော့ကရိတ်မြို့တွင် ရုပ်ပွားတော်အား လွန်ခဲ့သော ဆယ်နှစ်ကျော်က ခိုးယူခံခဲ့ရသည့် လက်ညှိုးတော်နှင့်အတူ ပြန်လည် ဖူးတွေ့ကြရသောအခါ အံ့သြဝမ်းသာ ဖြစ်ခဲ့ရသည်။ ''ရုပ်ပွားတော်ပြန်လည် ပင့်ဆောင်နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကူ အညီတောင်းခံခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း တရားခံများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး ရုပ်ပွားတော် ပြန်လည်ပင့်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက် ပေးတော့ ပြန်လည် ပင့်ဆောင်လာနိုင်တာ'' ဟု ဆရာတော်က မိန့်ကြား ခဲ့သည်။

''ဒီဘုရားကနှစ်ပေါင်း ၃ဝဝ ကျော်ပြီလို့ သိထားရတယ်။ ခြေထောက်ကနေ လွှနဲ့ဖြတ်ယူ သွားတာပါ။ ကျွန်းသားနဲ့ ထုထားတဲ့ ဘုရားပါ။ နဂိုအတိုင်း ပုံမှန်ပြန်ဆက်ပြီး ဓမ္မာရုံ မှာဖြစ်ဖြစ်၊ ကျောင်း ထဲမှာဖြစ်ဖြစ် ပြန်ပြီးကိုးကွယ် ထားမှာပါ။ ဒီနားပတ်ဝန်းကျင်မှာ ဘုရားပျောက်တာ တွေရှိတယ်။ မြောက်ဘက်ကျောင်းက ကျောက်ဆင်းတု ကိုလည်း ခေါင်းဖြတ်သွား တယ်။ ဒီကျောင်းမှာ လည်း မြတ်စွာဘုရား ဆွမ်းခံသွားတဲ့ ဆင်းတုလည်း အခိုးခံရတယ်။ ဒီဘုရား ကျမှ ထူးထူးခြားခြား ပြန်ရတာပါ'' ဟု ဆရာတော်က မိန့်ကြားခဲ့ သည်။ ဗုဒ္ဓရုပ်ပွားတော်၏ လက် ညှိုးတော်ကို ဦးစွာ ဖြတ်တောက်ခိုးယူ သွားခဲ့ခြင်းမှာ ရုပ်ပွားတော် ထုလုပ်သည့် ကျွန်းသား၏ နှစ်ကြာရှည်မှု အချိန်ကာလကို စစ်ဆေးရန် ခိုးယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ လက်ညှိုးတော် ကျွန်းသား၏ အနေအထား အရ ရုပ်ပွားတော်မှာ နှစ်ပေါင်း နှစ်ရာကျော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း၊ သေချာမှ ဗုဒ္ဓရုပ်ပွားတော်ကို ထပ်မံလာရောက် ခိုးယူခြင်းဖြစ်နိုင်ကြောင်း သိရသည်။

မြ၀တီ