မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံရသူ ခြောက်သန်းနီးပါးရှိဟုဆို

ပို့စ်တင်ချိန် - 2/22/2014 02:51:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကမ္ဘာ့ အဆိုးရွားဆုံး အသည်းရောင် အသားဝါ ဘီပိုး ကူးစက်နှုန်း အမြင့်ဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံရသူ ခြောက်သန်းနီးပါး ရှိနေပြီး လွန်ခဲ့သော နှစ် ၂၀ မှ ယခုအချိန်အထိ ကူးစက်နှုန်း မကျဆင်းကြောင်း အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပသော အသည်းရောင် အသားဝါရောဂါ သိကောင်းစရာ ဟောပြောပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်နှုန်းမှာ ၉၅ ရာခိုင်နှုန်းကျော် ရှိပြီး လက်ရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံထားရကြောင်း ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ပြောဆိုသည်။

ယင်းကူးစက် ခံထားနေရသူများထဲက နာတာရှည် အသည်းရောင် အသားဝါ ဘီပိုး ဖြစ်ပွားနှုန်းသည် မိခင်မှကလေးကို ကူးစက်နှုန်း အများဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း အချင်းချင်း ကူးစက်နှုန်းမှာလည်း စိုးရိမ်ဖွယ် ရှိကြောင်း၊ လက်ရှိ ကျန်းမာရေး ဝန်ကြီးဌာနက သုံးစွဲနေသော သွေးရည်ကြည်မှ တစ်ဆင့် ထုတ်လုပ်သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးမှာလည်း ကူးစက်နှုန်း ပိုများစေကြောင်း ၎င်းက ဝေဖန်ပြောကြားသည်။

အသည်းရောင် အသားဝါဘီပိုး ကူးစက်နှုန်းသည် ဆေးရုံ၊ ဆေးပေးခန်း များတွင် အမြင့်ဆုံး ဖြစ်သောကြောင့် ပြည်သူ့ဆေးရုံများ တည်ဆောက်ရာတွင် ကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်ပြီးမှသာ တည်ဆောက် သင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ရောဂါပိုး ကူးစက်ခံထားရသူ များတွင် အသည်းကင်ဆာ ဖြစ်နိုင်ခြေနှုန်း များပြီး ကလေးငယ်များတွင် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးပေးခြင်းအားဖြင့် အသည်းကင်ဆာ ဖြစ်ပွားနှုန်းကို ထိန်းချုပ်နိုင်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ကမ္ဘာပေါ်တွင် နာတာရှည် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံနေရသူ သန်း ၃၅၀ နီးပါးရှိပြီး နှစ်စဉ် ရောဂါဖြစ်ပွားသူ သန်း ၅၀ ခန့် ထပ်ဆင့်တိုးပွားနေကြောင်း၊ ကမ္ဘာပေါ်တွင် နာတာရှည် အသည်းရောင် အသားဝါ ဘီပိုးကူးစက်နှုန်းသည် အမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ လက်ရှိအချိန်ထိ ပါဝင်ကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly