ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ လာဘ်စားမှု ရှိသည်ဟူသော စွပ်စွဲချက် ယင်လပ် ငြင်းဆို

ပို့စ်တင်ချိန် - 2/22/2014 08:06:00 PM



ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းအစိုးရ၏ ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုများ ရှိကြောင်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စွပ်စွဲချက်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ပယ်ချလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြာသပတေးနေ့က ပြောကြားရာတွင် အစိုးရ၏ ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုများ ရှိနေသည့် ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ယင်းလပ်ကို တရားစွဲဆိုဖွယ် ရှိသည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်သာ လာဘ်စားကြောင်း တွေ့ရှိခဲ့ပါက ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရမည် ဖြစ်သည်။ ထိုင်းတွင် ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများက ယင်းလပ် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေး ဆန္ဒပြလျက် ရှိစဉ်တွင် ယခုကဲ့သို့ လာဘ်စားမှုဖြင့် စွပ်စွဲ ခံရခြင်းလည်း ဖြစ်သည်။

“လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကျွန်မမှာ အပြစ်မရှိဘူး ဆိုတဲ့အကြောင်း ထပ်ပြောချင်ပါတယ်။ ကျွန်မကို ရာထူးကနေ ဖယ်ရှားချင်တဲ့ သူတွေက အခုလို စွပ်စွဲတာ ခံရပေမယ့်လည်း ကျွန်မအနေနဲ့ အခုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ရာမှာ ပူးပေါင်း လုပ်ဆောင်သွားမှာပါ” ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ၎င်း၏ Facebook တွင် ရေးသား ဖော်ပြထားသည်။

ယမန်နှစ် နိုဝင်ဘာလမှ စတင်ခဲ့သော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြင့် ထိုင်းနိုင်ငံရေးမှာ အကျပ်အတည်း ဆိုက်လျက်ရှိပြီး ယင်းလပ် ဆန့်ကျင်သော အင်အားစုများက ဘန်ကောက်ရှိ အစိုးရ ရုံးများကို ပိတ်ဆို့ ဆန္ဒပြမှု ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်က ရဲတပ်ဖွဲ့က နှိမ်နင်း ဖြိုခွင်းခဲ့သည်။

သို့သော် ဆန္ဒပြသူများက ပြန်လည် အင်အားစု၍ တနင်္လာနေ့က ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ရုံးကို ဝိုင်း၍ ဆန္ဒပြခဲ့ကြပြီး အစိုးရ ဝန်ထမ်းများ ရုံးတက်ခြင်းကို တားဆီး နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုင်းအစိုးရ၏ ဆန်ဝယ်ယူရေး မူဝါဒအရ ကမ္ဘာ့ဆန်ဈေးထက် ၅၀ ရာခိုင်နှုန်း ပိုမိုသော နှုန်းဖြင့် အစိုးရက လယ်သမားများထံမှ ဆန်များ ဝယ်ယူလျက် ရှိသည်။ အဆိုပါ မူဝါဒမှာ လယ်သမားများ အလွန်နှစ်သက်သော မူဝါဒ ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့ ရောင်းချမှုကိုမူ အကြီးအကျယ် ထိခိုက်စေသည်။

ထို့ပြင် အဆိုပါ မူဝါဒသည် အစိုးရ ကုန်ကျစရိတ် မြင့်မားပြီး၊ ငွေကြေး အလွဲသုံးစား မှုများလည်း ဖြစ်စေနိုင်ကြောင်း ဝေဖန်သူများက ထာက်ပြ ပြောဆိုကြသည်။

ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူများ ဖြစ်သည့် လယ်သမားများသည် ၎င်းတို့ ရရန်ရှိသော ငွေများ အပြည့်အဝ မရသေးခြင်းကြောင့် လွန်ခဲ့သော လမှစ၍ ဆန္ဒပြမှုများ မကြာခဏ ပြုလုပ်ခဲ့ကြသည်။

ထိုင်းအစိုးရ အနေနှင့် ပါလီမန် အစည်းအဝေးသစ် မစမချင်း ငွေကြေး တောင်းခံနိုင်ခြင်း မရှိသောကြောင့် ဆန္ဒပြ လယ်သမားများကို ငွေပေးချေနိုင်ခြင်း ရှိမည် မဟုတ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly