ပါးရိုက်ခံလိုက်ရတဲ့ ဒိုင်လူကြီး ဦးလှမင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

ပို့စ်တင်ချိန် - 2/20/2014 07:06:00 PM



ရဲရင့်ဌေး တွေ့ဆုံမေးမြန်းသည်

ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဋ္ဌေးက ကွင်းလယ်ဒိုင်ကို ပါးရိုက်တဲ့သတင်းဟာ မြန်မာဘောလုံးပရိသတ်တွေ ကြားမှာ အတော်လေးရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ဒိုင်တွေ အမြဲလို ဝေဖန်ခံနေရပေမယ့် အသင်းပိုင်ရှင်တစ်ယောက်က ဒိုင်လူကြီးတစ်ဦးကို ကိုယ်ထိလက်ရောက် စော်ကားတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် ပါးရိုက်ခံခဲ့ရတဲ့ ကွင်းလယ်ဒိုင် ဦးလှ မင်းရဲ့ ခံစားချက်ကို သိရှိနိုင်ဖို့အတွက် မဇ်္ဈိမက ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

ဇွဲကပင်အသင်းပိုင်ရှင်က ဒိုင်ရဲ့ဆုံးဖြတ်ချက်မှားတဲ့အတွက် စိတ်မထိန်းနိုင်ဘဲ ပါးရိုက်မိတာလို့ပြောတယ်။ သူ့ရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

တကယ်လို့ပွဲချိန်အတွင်းမှာ ကျွန်တော်မှားတယ်ဆိုရင် သူ့အနေနဲ့စည်းကမ်းထိန်းသိမ်းရေးကို တိုင်လို့ရ တယ်။သက်ဆိုင်ရာ ပွဲကြီးကြပ်သူတွေ၊ ဒိုင်ကော်မတီတွေ ရှိတယ်။ ကျွန်တော့်ကို အရေးယူလို့ရတယ်။ အပြစ်ပေးလို့ရတယ်။ ကိုယ်ထိလက်ရောက် လုပ်ဖို့အထိမလိုဘူး။ ကျွန်တော်က ဖီဖာအသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ ဒိုင်တစ်ယောက်။ ဒီဖြစ်ရပ်က ကျွန်တော့်တစ်ယောက်တည်းကို မဟုတ်ဘူး။ အပြည် ပြည်ဆိုင်ရာဒိုင်တွေအားလုံးကို စော်ကားတာလို့ ယူဆတယ်။ ဖြစ်ဖြစ်ချင်းတုန်းက ကျွန်တော်ဒေါသထွက် တယ်။ အခု ဒေါသမထွက်တော့ဘူး။ အချိန်တန်ရင် သူ့တရားသူ စီရင်ပါလိမ့်မယ်။

ဦးလှဋ္ဌေးရဲ့အပြုအမူနဲ့ပတ်သက်ပြီးရောဘာများ ပြောချင်ပါသလဲ။

ဦးလှဋ္ဌေးနဲ့ကျွန်တော်က အခုမှသိတာ မဟုတ်ပါဘူး။ သူ အရင်ဖူဆယ်အသင်း ထောင်ကတည်းက အတူ တူလက်တွဲလုပ်လာကြတာ။ အခုကိစ္စကတော့ သူ့အလုပ် သူလုပ်တယ်လို့ပဲ ယူဆပါတယ်။ အသင်းပိုင်ရှင် တစ်ယောက်အနေနဲ့ သူ့စိတ်ထဲ ပေါ်လာတာကို သူလုပ်သွားတယ်လို့ မြင်ပါတယ်။ ကျွန်တော် ဘာမှမဝေ ဖန်ချင်တော့ပါဘူး။

အစ်ကို့အနေနဲ့ တရားဥပဒေကြောင်းအရ ဦးလှဋ္ဌေးကို တိုင်ကြားမှုများပြုလုပ်ဖို့ အစီအစဉ် ရှိပါသလား။

ကျွန်တော် စောင့်ကြည့်နေပါတယ်။ စည်းကမ်းထိန်းသိမ်းရေးရဲ့ အပြစ်ပေးအရေးယူမှုကို ကျွန်တော့်အနေ နဲ့ မကျေနပ်ဘူးဆိုရင်တော့ ဥပဒေအရ ရင်ဆိုင်သွားမှာပါ။ ဒါပေမဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ အားကိုးယုံကြည်ရတဲ့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်က မျှတမှုရှိ မယ်လို့ယုံကြည်ပါတယ်။

အခုဖြစ်ရပ်ကြောင့် အစ်ကို့ရဲ့ဘ၀ရပ်တည်မှုကို အပြောင်းအလဲများ ဖြစ်သွားနိုင်မလား။ဒိုင်လူကြီး တစ်ဦးဘ၀ကိုရော စွန့်လွှတ်ဖို့ အစီအစဉ်ရှိလား။

ကျွန်တော်အခုအချိန်မှာ စိတ်အရမ်းရှုပ်နေတယ်။ ကျွန်တော့်မှာ မိသားစုရှိသေးတယ်။ သူတို့ဂုဏ်သိက္ခာကို ကျွန်တော်ငဲ့ရမယ်။ ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။ ကျွန်တော်က ပါးရိုက်ခံရတာလေ။ လက်သီးနဲ့ ထိုး တာ၊ ဓားနဲ့အထိုးခံရတာဆိုရင်တောင် တော်သေးတယ်။ ကျွန်တော့်စိတ်အတိုင်းသာဆိုရင် ကျွန်တော် ယောက်ျားတစ်ယောက်ပဲ။ သူသေကိုယ်သေ ပြန်ချမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့တွေ ဒိုင်လုပ်မယ်ဆိုက တည်းက သည်းခံရမယ်ဆိုတာကို ဆရာတွေက ရိုက်သွင်းထားပြီးသား။ ဒီစိတ်ကြောင့်ပဲ ကျွန်တော်ဘာမှ ပြန်မလုပ်ခဲ့တာ။

တကယ်လို့များ ဦးလှဋ္ဌေးဘက်က တရားဝင်လူသိရှင်ကြား တောင်းပန်လာမယ်ဆိုရင် ခွင့်လွှတ် ပေးမှာလား။

ကျွန်တော်တို့က မြန်မာ့ဘောလုံး တိုးတက်ဖို့ အတူတူကြိုးပမ်းနေကြတာပါ။သူ့ အနေနဲ့ တောင်းပန်လာ မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။

အဲဒီနေ့ကပွဲမှာ အစ်ကို့အနေနဲ့ ငွေကြေးတစ်စုံတရာယူပြီး ဘက်လိုက်တယ်လို့လည်း ဦးလှဋ္ဌေးက စွပ်စွဲ ထားတယ်။ ဘာများ ဖြေရှင်းချင်ပါသလဲ။

ကျွန်တော်တို့တွေ ဒိုင်လုပ်တယ်ဆိုတာ ဘောလုံးကိုချစ်လို့၊ မြန်မာ့ဘောလုံးတိုးတက်စေချင်လို့ လုပ်နေ တာပါ။ ငွေကြေးကြောင့် လုံးဝမဟုတ်ပါဘူး။ လာဘ်စားတယ်ဆိုတာ ပိုမဖြစ်နိုင်သေးတယ်။ ကျွန်တော်တို့ တွေ အခုမှ တစ်ပွဲရှစ်သောင်းရတာ။ ဒါကလည်း တစ်လမှ နှစ်ပွဲလောက် အလုပ်လုပ်ခွင့်ရတာပါ။ ကျွန်တော်တို့ဒိုင်တွေက အနစ်နာခံလုပ်နေကြတာပါ။

မြန်မာနေရှင်နယ်လိဂ်မှာ ပရိသတ်တွေက ဒိုင်တွေကို အမြဲဝေဖန်နေကြတယ်။ ဒိုင်တစ်ဦးအနေနဲ့ ပရိသတ် ကိုရော ဘာများပြောချင်ပါသလဲ။

ကျွန်တော်တို့က ဒိုင်လုပ်မယ်ဆိုကတည်းက ပရိသတ်ဆဲတာကို သည်းခံနိုင်ဖို့ ဆရာတွေက သင်ထားပြီးသားပါ။ ကျွန်တော်တို့စိုးရိမ်တာက ကွင်းထဲကိုပရိသတ်တွေ မလာတော့မှာကိုပါ။ ပရိသတ်တွေ ကွင်းထဲကို အများကြီးလာပြီး ကျွန်တော်တို့ကို အများကြီးလာဆဲပါ။ ကျွန်တော်တို့ ခံနိုင်ပါတယ်။ ကျွန်တော် တို့က ဘောလုံးကို ချစ်လို့ ဒိုင်လုပ်နေကြတာပါ။
By Mizzima