ဝန်ကြီးဌာနများ၏ ချေးငွေ လက်ကျန်စာရင်းများ ကွဲလွဲမှုများဖြစ်ပေါ်

ပို့စ်တင်ချိန် - 2/06/2014 10:56:00 PM



နေပြည်တော်၊ ဖေဖော်ဝါရီ ၅

၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်၏ နိုင်ငံတော် အရအသုံးစာရင်းများ တင်ပြရာတွင် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ဝန်ကြီးဌာနများ၏ ချေးငွေလက်ကျန် စာရင်းများ ကွဲလွဲနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု လွှတ်တော် ငွေစာရင်း ပူးပေါင်း ကော်မတီက ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပသည့် လွှတ်တော်သို့ တင်ပြလိုက်သည်။

ပညာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့သည် ပြည်ထောင်စု ဘဏ္ဍာငွေ ရသုံးမှန်းချေ ငွေစာရင်းတွင် မှန်မှန်ကန်ကန် ဖော်ပြထားမှု မရှိခြင်း၊ စာရင်းခေါင်းစဉ် မှားယွင်းစွာ ဖော်ပြခြင်း၊ လျော့နည်း ဖော်ပြခြင်းနှင့် ထည့်သွင်း ဖော်ပြရမည့် စာရင်းတွင် ထည့်သွင်းဖော်ပြမှု မရှိခြင်း စသည်တို့ကို တွေ့ရှိရကြောင်း ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး (ပြည်သူ့လွှတ် ကိုယ်စားလှယ်) က ကော်မတီနှင့် စာရင်းစစ်ချုပ် ကိုယ်စားလွှတ်တော်သို့ တင်ပြ ပြောဆိုသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှုတွင် ဝန်ကြီးဌာနများသည် နိုင်ငံပိုင် ငွေကြေးကို အလွဲသုံးစား ပြုလုပ်သည်ဟု ယူဆ၍ မရသောကြောင့် ဥပဒေအရ အုပ်ချုပ်ရေးပိုင်းမှ သတိပေးမည့် အခြေအနေရှိမည်ဟု ယူဆရကြောင်း ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က The Voice သို့ ပြောကြားသည်။
“ဟိုအရင်တုန်းက မရဖူးတဲ့ ချေးငွေတွေကို သုံးရတဲ့အခါမှာ စာရင်းဇယား ပြန်ပြတော့ လွဲနေတာတွေ ဖြစ်မှာပါ။ ပြန်ပြီးစိစစ် တင်ပြလို့တော့ ရပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်လာမှုကြောင့် ဝန်ကြီးဌာနများ၏ သာမန်ရငွေ၊ အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို ပေါ်လွင်အောင် ဖော်ပြပြီး ဌာနအလိုက် စိစစ်သူအဆင့်ဆင့်က အလေးထား လုပ်ဆောင်ရန် လိုအပ်ကြောင်း စာရင်းစစ်ချုပ်ရုံးမှ တင်ပြပြောဆိုထားသည်။

ထို့အပြင် ဝန်ကြီးဌာနများ၏ ပိုလျှံငွေများ ရှိပါက နှစ်စဉ် ဒီဇင်ဘာလတွင် အပ်နှံသွားရန် သက်ဆိုင်ရာက ညွန်ကြားချက် ထုတ်ပြန်ပြီး ရသုံးစာရင်းများ၊ ဖြည့်စွက် တောင်းခံငွေများနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေး ကော်မရှင်နှင့် ပြည်ထောင်စု လွှတ်တော်သို့ ဘဏ္ဍာရေးနှစ် မကုန်မီ တင်ပြရန် လိုအပ်နေကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာ တင်ပြချက်တွင် ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဝန်ကြီးဌာနများသည် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၉၅ ဒသမ ၅၅၈ သန်း ရရှိထားပြီး အမေရိကန်ဒေါ်လာ ၁၁,၅၉၀ ဒသမ ၅၈၃ သန်းကို ထုတ်ယူသုံးစွဲထားပြီ ဖြစ်ကြောင်း ငွေစာရင်း ကော်မတီ၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly