ကင်တားနားနှင့် ကချင်ပြည်နယ်အစိုးရ ဒုက္ခသည်များအရေး ဆွေးနွေး

ပို့စ်တင်ချိန် - 2/17/2014 11:14:00 AM




မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များ အရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

မစ္စတာကင်တားနားနှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တိုးတက်မှု ရှိလာသောကြောင့် ယခင်က အစိုးရအဖွဲ့ လက်လှမ်း မမီသည့် နယ်စပ်ဒေသများနှင့် ကေအိုင်အို ထိန်းချုပ်နယ်မြေလိုင်ဇာ၊ မိုင်ဂျာယန် ဒေသများရှိ စစ်ရှောင် ဒုက္ခသည် စခန်းများထိ တိုင်အောင် စစ်ရှောင် မိသားစုများအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ကုလအဖွဲ့အစည်း အပါအဝင် ပြည်တွင်း လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးနေသည့် အနေအထားများကို ရှင်းပြခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားက ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် အကျဉ်းကျခံရာမှ ပြန်လည် လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာနှင့် အခြားအကျဉ်းသားလေးဦး၏ အရေးကိစ္စများကို မေးမြန်းခဲ့သော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍမှာ သီးခြားစီတည် ရှိနေသောကြောင့် အတိအကျ သိရှိနိုင်ရန် တရားရေးဌာနသို့ မေးမြန်းရန် အကြံပြုခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားမှာ ကေအိုင်အို နည်းပညာအဖွဲ့ (Technical Advisory Team) နှင့်လည်း တွေ့ဆုံခဲ့ပြီး ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ကုလကိုယ်စားလှယ်၏ လိုင်ဇာခရီးစဉ်နှင့် ပတ်သက်၍ ကြိုတင် ဆွေးနွေးခြင်း မရှိသော်လည်း ကေအိုင်အို ဗဟိုကော်မတီ လူကြီးများနှင့် တွေ့ဆုံပြီး လိုင်ဇာရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာဖွယ် ရှိကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ (Technical Advisory Team) မှ ဗိုလ်မှူးကြီးခွန်နောင်က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က လာရောက်ခဲ့သော ဒုတိယမြောက်ကချင် ပြည်နယ်ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီး ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း အစိုးရမှ ခွင့်မပြုခဲ့သဖြင့် ယခုတစ်ကြိမ်မှသာ သွားရောက်နိုင်ခြင်း ဖြစ်သည်။

The Voice Weekly