ဟန်းနီးမွန်းအတွက် ရွေးချယ်သင့်တဲ့ နေရာများ

ပို့စ်တင်ချိန် - 2/17/2014 10:37:00 AM







ဘ၀တစ်ခုကို အတူလက်တွဲဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်မှာ ချစ်သူဘ၀ထက် ပိုပြီးလိုအပ်တာက နားလည်မှုပါ။ မင်္ဂလာဆောင်ပြီးစ အချိန်မှာ သင်တို့နှစ်ဦးအတွက် တစ်ယောက်အကြောင်း တစ်ယောက် အရင်ကထက်ပိုပြီး ဆွေးနွေးကြဖို့ ၊ တိုင်ပင်ကြဖို့ ၊ ပွင့်လင်းကြဖို့လိုပါတယ်။ တစ်ယောက်ရဲ့ အကြိုက်ကိုတစ်ယောက် ပိုသိခွင့်ရမယ် ၊ ကြုံလာတဲ့အခက်အခဲတွေမှာ အတူဖြေရှင်းရင်း သံယောဇဉ်တွေ ပိုဖြစ်ကြမယ် ၊ ခံစားချက်တွေကို အေးအေးဆေးဆေးဖလှယ်ခွင့်ရလို့ ပိုပြီးနားလည်လာကြမယ် စတဲ့ အချက်တွေကို ဒီခရီးမှာ သရုပ်ဖော်ရမှာပါ။

ဒီအတွက်လည်း အချိန်လုံလုံလောက်လောက် လိုအပ်တာပေါ့။ ဟန်းနီးမွန်းဆိုတာ ကြင်စဦးဇနီး မောင်နှံတွေအတွက် ဘုရားကပေးတဲ့လက်ဆောင်ပါ။ လိုအပ်တဲ့အချိန်တွေကို ဟန်းနီးမွန်းခရီးထွက်ရင်း ရှာဖွေကြပါစို့။

(၁) Lombok

ဘာလီကိုသွားဖို့ စီစဉ်နေတယ်ဆိုရင်တော့ Lombok ကိုဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ဘာလီကျွန်း အရှေ့ဖက်မှာ တည်ရှိပြီး အလွန်သာယာတဲ့နေရာလေးပါ။ ဘာလီကျွန်းကနေ မိနစ်နှစ်ဆယ် ပျံသန်းစာ ခရီးပဲ ရှိပါတယ်။ ကမ္ဘာဦးကာလက သူ့ရဲ့ကမ်းခြေတွေနဲ့ စိမ်းလန်းလွန်းတဲ့ သစ်တောတွေက သင့်ကို ဖမ်းစားသွားပါ လိမ့်မယ်။

သင်နဲ့သင့်ရဲ့ချစ်သူအတွက် သင့်တော်တဲ့ အားကစားနည်းတွေကိုလည်း ပြုလုပ်လို့ ရနိုင်ပါသေးတယ်။

(၂) Chiangami

ထိုင်းနိုင်ငံမှာတည်ရှိတဲ့ ဒီနေရာကို “Rose of the North” လို့လည်း ခေါ်ကြပါသေးတယ်။ ချင်းမိုင်မှာ သမိုင်းဝင် ဘုရားတွေနဲ့ ၀တ်ပြုကျောင်းအများအပြား တည်ရှိပြီး လည်ပတ်လို့ကောင်းတဲ့ အမျိုးသား ဥယျာဉ်ကြီးလည်း ရှိပါသေးတယ်။ ချင်းမိုင်ရဲ့ အောက်တိုဘာကနေ ဖေဖေါ်ဝါရီလအတွင်း ရှိတဲ့ အေးမြတဲ့ ရာသီဥတုက သင်တို့ကို သက်သောင့်သက်သာရှိစေပြီး ချွေးထွက်ပြီးစိတ်အိုက်စရာ ကောင်းတဲ့ အပူဒဏ်ကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း သွားဖို့စီစဉ်ထားမယ်ဆိုရင်တော့ Loi Krathong ပွဲတော်နဲ့ ကြုံကြိုက်မှာဖြစ်ပြီး အလွန်လှပတဲ့ မီးပုံးပျံ ရှုခင်းတွေကို မြင်နိုင်ပါတယ်။

(၃) Lijiang

သင့်ကိုရာဇ၀င်ထဲ ပြန်ရောက်သွားစေမယ့် ဒီမြို့ကတော့ တရုတ်ပြည်ရဲ့ Yunnan တောင်တန်းတွေပေါ်မှာ တည်ရှိပါတယ်။ အဲဒီမှာ ရှေးဟောင်း တရုတ်ပြည်ရဲ့ အံ့မခန်းလှပတဲ့ ဗိသုကာလက်ရာ တွေကို တွေ့ရမှာဖြစ်ပြီး ရှေးဟောင်းမြို့တော်လို့တောင် ခေါ်ဆိုကြပါတယ်။ နှင်းတွေနဲ့ဖုံးလွှမ်းနေပြီး အလွန်လှပတဲ့ Jade Dragon ဆိုတဲ့ တောင်ကြီးကိုလည်း တွေ့ရမှာပါ။ ဒီမြို့ကိုတော့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ပစ္စည်း မြို့ကြီးအဖြစ် ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ထားတာဖြစ်ပါတယ်။

ပြီးရင်တော့ Black Dragon ရေကန်ကြီးတည်ရှိရာ ပန်းဥယျာဉ်ကြီးကို သွားလည်နိုင်မှာဖြစ်ပြီး အလွန်သာယာလှပသလို စိတ်ကူးယဉ်လည်းဆန်ပါတယ်။ ရှေးတရုတ်သိုင်းကားတွေထဲက မြင်ကွင်းတွေ အားလုံး ဒီမှာတွေ့ရမှာပါ။

(၄) Langkawi

ဘ၀ရဲ့အချိန်အတော်များများ မြို့ပြမှာပဲ ဖြတ်သန်းလာရတဲ့ သင်တို့နှစ်ဦးအဖို့ သာယာကြည်နူးဖွယ် ကောင်းတဲ့ သဘာဝကျေးလက်နေထိုင်မှုပုံစံကို Malaysia က Langkawi မှာ ရနိုင်ပါတယ်။ ကျွန်းတွေ အများအပြားရှိပြီး ပတ်ပတ်လည် ရေတွေဝိုင်းနေတဲ့ ကမ်းခြေမြို့တော်ကြီးမှာ နေ၀င်ချိန်တွေကို အတူတူ ကုန်ဆုံးပြီး ချစ်စကားတွေ တီတီတာတာပြောလို့ ကောင်းလှပါတယ်။ sun , sand , sea စတဲ့ S သုံးလုံး ခြံရံနေတဲ့ သင့်ဘ၀ကို ကျေးလက်ရှုခင်းတွေဖြစ်တဲ့ စပါးခင်းတွေ ၊ လယ်ကွက်တွေ ၊ ရေတံခွန်တွေနဲ့ စိမ်းစိုစို တောတန်းတွေ ထပ်ပေါင်းထည့်လိုက်တဲ့အခါ သင့်တသက် တစ်ခါမှ မခံစားရဖူးတဲ့ စိတ်ငြိမ်းချမ်းအေးမြမှုကို ခံစားရမှာပါ။

သင်တို့နှစ်ဦးအတွက် အနည်းငယ်အချိန်ပိုရဦးမယ်ဆိုရင်တော့ နာရီအနည်းငယ် ကားစီးလို့ Gunung ကို ဆက်သွားလိုက်ပါ။ ဒီအတွက် သင်တို့နှစ်ဦးမှာ မမေ့နိုင်မယ့် အမှတ်တရတွေ အများကြီး ပိုလို့ကျန်ခဲ့မယ် ဆိုတာ အာမခံရဲပါတယ်။

ဟန်းနီးမွန်းဆိုတာ တစ်သက်မှာ တစ်ကြိမ်သာရနိုင်တဲ့ ခရီးဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ သင်တို့ဟာ ဒီခရီးက အတွေ့အကြုံ ၊ အဖြစ်အပျက်လေးတွေကို ပြန်ပြောကြရင်း လှပတဲ့ မှတ်ဥာဏ်လေးတွေကို တစ်သက်တာပတ်လုံး သိမ်းဆည်းထားနိုင်ကြမှာပါ။ဖော်ပြခဲ့တဲ့ နိုင်ငံအားလုံးဟာ အရှေ့တောင်အာရှ အတွင်းမှာပဲ ရှိတာကြောင့် အားလုံးအတွက်လည်း သွားလာရလွယ်ကူမှာပါ။

Ref:herworldplus.com
Myawady News