မန္တလေးတိုင်းအတွင်း ကျောက်မျက် တစ်နိုင်တစ်ပိုင် တူးဖော်ခွင့် ဇူလိုင် စတင်ခွင့်ပြုမည် ဟုဆို

ပို့စ်တင်ချိန် - 2/05/2014 08:30:00 AM


မန္တလေး၊ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး အတွင်း ကျောက်မျက် တစ်နိုင်တစ်ပိုင် တူးဖော်ခွင့်ကို ဇူလိုင်လမှ စတင်ကာ ခွင့်ပြုပေးရန် စီစဉ်နေကြောင်း အဆိုပါတိုင်းဒေသကြီး သစ်တောနှင့်သတ္တုတွင်း ဝန်ကြီး ဦးသန်းစိုးမြင့်က The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ တစ်နိုင်တစ်ပိုင် တူးဖော်ခွင့် ချပေးရာတွင် ဒေသခံများ အတွက် လုပ်ကွက်ဧကငယ်များ သတ်မှတ်ကာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခွင့် ရရှိရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ယင်းသို့လုပ်ကိုင်ခွင့် ပြုရန် သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးစီးပြီ ဖြစ်သဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ယင်းကျောက်မျက် တူးဖော်ခွင့်ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိသော ကုမ္ပဏီကြီးများ တူးဖော်ခွင့်ကို ရပ်ဆိုင်းကာ ဒေသခံများကိုသာ တစ်နိုင်တစ်ပိုင် လုပ်ကွက်ငယ်များ ချပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားထားသည်။

"ဒေသခံတွေကို တစ်နိုင်တစ်ပိုင် လုပ်ကွက်ချပေးမယ် ဆိုရင် ကောင်းတာပေါ့။ လုပ်ကွက်ရှိရင် တူးလို့ရတာပေါ့။ တူးဖို့ ပိုက်ဆံ အဆင်မပြေရင် လုပ်ကွက်ကို ပြန်ရောင်းစားကြတယ်" ဟု မိုးကုတ်မြို့ရှိ ဒေသခံ ကျောက်မျက်ကုန်သည် တစ်ဦးက ဆိုသည်။

ဒေသခံများကို တစ်နိုင်တစ်ပိုင် လုပ်ပိုင်ခွင့်များ ချထားပေးသင့်ပြီး ယင်းသို့ ချထားခြင်းမပြုပါက တရားမဝင် တူးဖော်မှုများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။
"တရားမဝင် တူးတော့ တူးတဲ့အချိန် ရသလောက်ယူပြီး ဒီအတိုင်း ပစ်ထားခဲ့ကြတယ်" ဟု ၄င်းက ဆိုသည်။

ယင်းသို့ တူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ပြီး တစ်နိုင်တစ်ပိုင် လုပ်ကွက်များ ကိုလည်း စည်းကမ်းချက်များနှင့် အညီ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြပ်မတ် စောင့်ကြည့်သင့်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

လက်ရှိမိုးကုတ်မြို့ ကျောက်မျက်ဈေးကွက်သည် အရောင်းအဝယ် အေးနေပြီး အရည်အသွေး ကောင်းသည့် ကျပ်သိန်း ဆယ်ဂဏန်း တန်ဖိုးရှိသော ကျောက်များသာ အရောင်းအဝယ် ဖြစ်နေကြောင်း ယင်းဒေသခံ ကျောက်မျက်ကုန်သည်များ ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly