ဆွမ်းကွမ်းကိစ္စ မကျေနပ်၍ ကျောင်းထိုင် ဆရာတော်၏ တူမကို ရဟန်းတစ်ပါးက ဓားဖြင့်ထိုး

ပို့စ်တင်ချိန် - 2/06/2014 07:03:00 PM


တောင်ငူ၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် ဆွမ်းကိစ္စ အဆင်မပြေ၍ ကျောင်းထိုင် ဆရာတော်၏ တူမဖြစ်သူကို အသက် ၃၁ နှစ်အရွယ်ရှိ ရဟန်းတစ်ပါးက ဖေဖော်ဝါရီ ၃ ရက် ည ၁၁ နာရီခွဲတွင် ဓားမြှောင်ဖြင့် ထိုးခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၁၃ ရပ်ကွက် ဦးမှန်းလမ်းနှင့် ဈေးလမ်းထောင့်ရှိ နေရှင်နယ် ဘုန်းတော်ကြီးကျောင်းတွင် အထက်ပါ ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း၊ အသက် ၃၁ နှစ်၊ ဝါတော် ၂ ဝါခန့်ရှိ လူအမည် ဖိုးချမ်း (ခ) ဦးကုသလသည် ဈေးရောင်းချပြီး ပြန်လာကာ ဈေးဆိုင် ပစ္စည်းများ သိမ်းဆည်းနေသူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်မြင့်မြင့်စိုးကို ညနေပိုင်း၌ စကားပြော အဆင်မပြေ ဖြစ်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အငြိုးထားကာ ကျောင်းတိုက်ရှိ ဆွမ်းစားဆောင်တွင် အရိုးအသွား ၉ လက်မခွဲခန့်ရှိ စတီးဓားမြှောင်ဖြင့် လေးချက်ခန့် ဝင်ရောက် ထိုးနှက်ခဲ့ကြောင်း တောင်ငူမြို့နယ်၊ အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဆွမ်းကွမ်းကိစ္စ အဆင်မပြေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဓားနဲ့ထိုးတဲ့ ရဟန်းက ကျောင်းထိုင်ရဲ့တူမကို နဂိုကတည်းက မကျေမနပ် ဖြစ်နေတာ။ အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ ကျောင်းထိုင်နဲ့ ဦးကုသလ စကားများတာကိုလည်း မြင့်မြင့်စိုးက ဘုန်းကြီးကို ပြန်မပြောဖို့ ဝင်တားတာကိုလည်း မကျေနပ်လို့ လုပ်လိုက်တာပါလို့ တရားခံက ဝန်ခံတယ်” ဟု အမှတ် ၂ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်တစ်ဦးက ဆိုသည်။

ကျောင်းထိုင်ဘုန်းကြီး၏ တူမတော်စပ်သူ ဓားနှင့်အထိုးခံရသူ ဒေါ်မြင့်မြင့်စိုးသည် ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ၊ ကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာများဖြင့် တောင်ငူ ပြည်သူ့ဆေးရုံကြီးသို ပို့ဆောင် ကုသထားရကာ ဒဏ်ရာအခြေအနေ စိုးရိမ်ဖွယ် မရှိကြောင်း တောင်ငူမြို့နယ် အမှတ် ၂ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ် (၄) ရပ်ကွက် ရွှေညာမြေလမ်းနေသူ၊ အခင်းဖြစ်ပွားပြီး ၂ နာရီခန့်တွင် ဓားဖြင့်ထိုးသည်ဟု တိုင်ကြားခံရသူကို တောင်ငူမြို့နယ် သံဃနာယက အဖွဲ့ထံ ပို့ဆောင် လူဝတ်လဲစေပြီး တောင်ငူမြို့နယ် အမှတ် (၂) ရဲစခန်းက (ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

The Voice Weekly