ပြည်မြို့တွင်ဇနီးဟောင်းကို ခင်ပွန်းဟောင်းက အိမ်ပေါ်တက်ဓါးဖြင့်ခုတ်

ပို့စ်တင်ချိန် - 2/09/2014 11:59:00 PM


  ပြည်၊ မဇ္ဈိမ။ ။ တစ်ခြံတည်းတွင် တစ်အိမ်စီခွဲနေသူ ခင်ပွန်းဟောင်းကို နေအိမ်ခြံဝန်းအတွင်းက ထွက်သွားရန် နှင်ထုတ်သည့်အတွက် ခင်ပွန်းဟောင်းက ဇနီးဟောင်းကို အိမ်ပေါ်တက်ကာ ဓါးဖြင့်ခုတ်မှု ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၇ရက် နံနက် ၇နာရီက ပြည်မြို့ မုဌောကျေးရွာအုပ်စု လူကြီးကုန်းကျေးရွာနေ အမျိုးသမီးသည် ငါးနှစ်ခန့်ကင်းကွာနေပြီး တစ်ခြံတည်း တစ်အိမ်စီနေ ခင်ပွန်းဟောင်းဖြစ်သူကို နေအိမ်ခြံဝန်းအတွင်းမှ ထွက်သွားရန် နှင်ထုတ်ခဲ့သည်။

ထိုသို့နှင်ထုတ်သဖြင့် ခင်ပွန်းဟောင်းဖြစ်သူက ဇနီးဟောင်းအမျိုးသမီး၏ နေအိမ်ပေါ်သို့တက်ကာ ဓါးဖြင့်ခုတ်ခဲ့သည်ဟု အမှတ်(၃) ရဲစခန်း၊ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ခင်ပွန်းဟောင်း၏ ဓါးဖြင့်ခုတ်မှုကြောင့် ဇနီးဟောင်းဖြစ်သူ အမျိုးသမီးတွင် ဝဲပါးပြတ်ရှဒဏ်ရာ၊ ဝဲလည်ပင်းပြတ်ရှဒဏ်ရာ၊ ယာဂျိုစောင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီးပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသခံယူနေရသည်။

အဆိုပါဓါးခုတ်မှုကို ပြည်မြို့အမှတ်(၃) ရဲစခန်းတွင် (ပ)၂၀/၂၀၁၄ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၅၂/၃၂၆ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese