အမေရိကန် သံတမန်ကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယားဆုံးဖြတ်၊ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်

ပို့စ်တင်ချိန် - 2/12/2014 02:39:00 PM


ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၀

မြောက်ကိုရီးယားနိုင်ငံ၌ ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသား တစ်ဦးအရေးနှင့် ပတ်သက်ပြီး လာရောက် ဆွေးနွေးမည့် အမေရိကန် သံတမန်ကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယား အာဏာပိုင်များက ဆုံးဖြတ်လိုက်ပြီး ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လျက် ရှိသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

နှစ်စဉ် ပြုလုပ်နေကျ တောင်ကိုရီးယား - အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ် စတင်မည့်ရက် ကြေညာပြီးနောက် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်လျက် ရှိသည့်အချိန်တွင် မြောက်ကိုရီးယားက ယခုကဲ့သို့ အမေရိကန် သံတမန်တစ်ဦးကို လက်ခံ တွေ့ဆုံခြင်း မပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် အမေရိကန် သံတမန် ရောဘတ်ကင်းကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယား အာဏာပိုင်များက ဆုံးဖြတ်လိုက်သည့်အတွက် အလွန်တရာ စိတ်ပျက်မိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြောက်ကိုရီးယားနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည့် ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသား ကင်နက်ဘိုင် ပြန်လည် လွတ်မြောက်ရေး အတွက် ရောဘတ်ကင်းက မြောက်ကိုရီးယား အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရရန် ကမ်းလှမ်း ထားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အာဏာပိုင်များသည် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းကလည်း ကင်နက်ဘိုင်ကို လွှတ်ပေးရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်ကို အချိန်နီးမှ ကပ်ပြီး ဖျက်ခဲ့သေးသဖြင့် ရောဘတ်ကင်းအနေနှင့် မြောက်ကိုရီးယား တို့၏ ငြင်းပယ်ခြင်းကို ခံရသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်သည်။

ကင်နက်ဘိုင်သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားတို့က ၎င်းကို အကြမ်းဖက် ခရစ်ယာန် တရားဟော ဆရာဟု သတ်မှတ်ပြီး ဖမ်းဆီး ထောင်ချခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ကင်နက်ဘိုင်သည် ၎င်း၏ ပြစ်ဒဏ်ကို ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့မှ စတင်ကာ ကျခံခဲ့ရပြီး အသည်းနှင့် ကျောက်ကပ် ရောဂါများကြောင့် သြဂုတ်လထဲတွင် ဆေးရုံတက်ခွင့် ရခဲ့သည်။

သို့ရာတွင် ပြီးခဲ့သော လအတွင်းက အလုပ်ကြမ်းစခန်းသို့ ပြန်လည် စေလွှတ်ခြင်း ခံခဲ့ရပြီး ၎င်း၏ မိသားစုဝင်များနှင့် အမေရိကန် ပြည်ထောင်စုမှ တာဝန်ရှိသူများက ကင်နက်ဘိုင်၏ ကျန်းမာရေးအတွက် အလွန်တရာ စိုးရိမ် ပူပန်မိသည်ဟု ပြောကြားခဲ့ကြသည်။

နှစ်စဉ် ပြုလုပ်နေကျ တောင်ကိုရီးယား - အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ဧပြီလ ၁၈ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး မြောက်ကိုရီးယားက ထိုပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ၎င်းတို့ နိုင်ငံကို ကျူးကျော် တိုက်ခိုက်ရန် အစမ်း လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောကြားထားသည်။

ကင်နက်ဘိုင်၏ မိသားစုကမူ ကင်နက်ဘိုင် တစ်ယောက် မြောက်ကိုရီးယား၏ နိုင်ငံရေး ကစားကွက် အတွင်းတွင် နယ်ရုပ်တစ်ရုပ် ဖြစ်သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သူ ဂျင်ဆာကီကလည်း မြောက်ကိုရီးယား နိုင်ငံအနေနှင့် ယမန်နှစ်အတွင်းက ပေးထားသော ကတိဖြစ်သည့် ကင်နက်ဘိုင်ကို နိုင်ငံရေး အပေးအယူ ပစ္စည်းတစ်ခုကဲ့သို့ အသုံးချခြင်း မပြုပါဟူသော ကတိကို စောင့်ထိန်းရန် လိုလိမ့်မည်ဟု ပြောကြားခဲ့သည်။

The Voice Weekly