ပန်းချီဆရာမ စန္ဒာခိုင်နှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 2/24/2014 11:21:00 AM


ပန်းချီနယ်ပယ်တွင် နှစ်ကြည်ရှည်စွာ ရပ်တည်လာသော အမျိုးသမီး ပန်းချီဆရာမ တစ်ဦးဖြစ်ပြီး The Naked Truth အမည်ဖြင့် ရန်ကုန်မြို့တော်ရှိ Studio Square တွင် မကြာသေးခင်က ပြပွဲပြုလုပ် ပြသခဲ့သည့် ပန်းချီဆရာမ စန္ဒာခိုင်နှင့် တွေ့ဆုံပြီး Nude ပန်းချီကားများ ဆွဲဖြစ်ရသည့် အကြောင်းအရင်း၊ ယင်းပန်းချီကားများ ရေးဆွဲရန် ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပန်းချီလောက၏ လက်ရှိ အနေအထားများကို The Voice က မေးမြန်းထားပါသည်။

Voice : အမျိုးသမီးတစ်ယောက်ရဲ့ Nude (အဝတ်မပါသည့် ခန္ဓာကိုယ်) ပန်းချီကားတွေကို ပြပွဲတင် ပြသနိုင်ဖို့အတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်ဆိုတာ ပြောပြပေးပါဦး။

SK : အစ်မက အမျိုးသမီးပုံ Nude ပန်းချီကားတွေ ဆွဲတာကြာပါပြီ။ ဒီပွဲလေး လုပ်ဖြစ်တာကလည်း စိစစ်ရေးက အခုမှ ခွင့်ပြုတဲ့ အတွက်ပါ။ အရင်တုန်းကတော့ ပြည်ပမှာလုပ်တဲ့ အုပ်စုလိုက် ပန်းချီပြပွဲတွေမှာ Nude ပုံတွေ ပြဖူးတယ်။ ပြည်ပပွဲတွေ အနေနဲ့ကတော့ ၂၀၀၁ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အစ်မ တစ်ကိုယ်တော် ပြပွဲလုပ်ခဲ့တယ်။ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အမေရိကမှာ လုပ်တဲ့ မြန်မာ ပန်းချီဆရာတွေရဲ့ အုပ်စုလိုက် ပန်းချီပြပွဲတွေမှာလည်း အစ်မကားတွေ ပါဝင်ပြသ ခဲ့ဖူးပါတယ်။ အခု Studio Square မှာ ပြတဲ့ပွဲက အစ်မရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် ပန်းချီပြပွဲပါ။ ဒီပွဲမှာက ပန်းချီကား ၃၀ ပြသခဲ့ပါတယ်။ ဝယ်ချင်တဲ့သူတွေ ဝယ်လို့ရအောင် ပန်းချီကားတွေမှာ အစ်မ ဈေးနှုန်းလေးတွေတော့ ကပ်ထားခဲ့တယ်။ ဒါပေမဲ့ ဒီလိုကားတွေကို ပြည်တွင်းမှာ ဝယ်စုကြတဲ့သူတော့ သိပ်မရှိပါဘူး။

Voice : ဒီပွဲမှာ ပြခဲ့တဲ့ ကားတွေက အသစ်ရေးဆွဲထားတဲ့ ကားတွေလား။ အစ်မ အရင်တုန်းက ပြည်ပပွဲတွေမှာ ပြခဲ့တဲ့ကားတွေကိုပဲ ပြန်ပြတာလား။

SK : ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတုန်းက လောကနတ် ပြခန်းမှာ အစ်မနဲ့ ဇွန်အိဖြူနဲ့ နှစ်ယောက်တွဲပြပွဲမှာ Sketch တွေချည်းပဲ အစ်မကား ၅၀ ပြခဲ့တယ်။ အဲဒီပွဲအပြီးမှာ Studio Square က သူငယ်ချင်း ပန်းချီဆရာ ငြိမ်းချမ်းဆုက Nude ပုံတွေ ထပ်ဆွဲပြီး ဒီမှာပြပါလားလို့ တိုက်တွန်းတာနဲ့ အစ်မလည်း စဆွဲဖြစ်တယ်။ ပန်းချီဆွဲဖို့ ဘောင်တွေ၊ ကင်းဗတ်တွေကအစ Studio Square ပြခန်းက သူငယ်ချင်းတွေ အားလုံး ကူညီပေးကြတယ်။ အစ်မက ပန်းချီကားတွေကို သေချာအာရုံစိုက်ပြီး ဆွဲရုံပဲ။ ဒီပွဲအတွက် အစ်မ Nude ပုံ ကားနှစ်ဆယ်ကို မော်ဒယ်လ်အသစ် ထပ်ငှားပြီး ဆွဲတယ်။ အစ်မဆွဲခဲ့ဖူးတဲ့ Nude ပုံကြမ်း အဟောင်း ဆယ်ကားကို အသစ်ပြန်ဆွဲတယ်။

Voice : Nude ပုံတွေဆွဲတာကို ဘယ်အချိန် ကတည်းကစပြီး စိတ်ဝင်စားခဲ့တာလဲ။

SK : အဲဒါကတော့ ပြောရရင် အစ်မပန်းချီ စသင်တဲ့ အချိန်ကတည်းကပဲ။ အဲဒီတုန်းက ဆရာတွေက လေးငါးခြောက်ယောက်လောက် စုပြီး မော်ဒယ်လ်ခေါ်ပြီး Nude ပုံတွေ ဆွဲကြတယ်။ အစ်မကိုတော့ မိန်းကလေး ဖြစ်တဲ့အတွက် သူတို့က မခေါ်ကြဘူး။ သူတို့အဖွဲ့က လေးငါးကြိမ်လောက် ဆွဲအပြီးမှာ အဖွဲ့ထဲက ဆရာတစ်ယောက်က အစ်မလည်း ပန်းချီဆရာ တစ်ယောက်ပဲ။ မိန်းမ၊ ယောက်ျား ခွဲခြားစရာ မလိုဘူး။ သူ့ကိုလည်း ခေါ်လိုက်ပါလို့ ကျန်တဲ့သူတွေကို တိုက်တွန်းတဲ့အတွက် အစ်မလည်း လိုက်ဆွဲဖြစ်တယ်။ အဲဒီတုန်းက ဆွဲခဲ့တဲ့ Nude ပုံတွေက ပိန်တဲ့ မိန်းကလေးတွေကိုပဲ ဆွဲတာ။ အစ်မအခုပြတဲ့ ပြပွဲမှာလို ဝတဲ့သူတွေကို ဆွဲတာ မဟုတ်ဘူး။ အဲဒီလိုနဲ့ သူတို့နဲ့ အစ်မ လိုက်ဆွဲရင်းကနေ နောက်ပိုင်းမှာ Nude ပုံ ဆွဲဖို့အတွက် မော်ဒယ်လ် ထိုင်ပေးမယ့်သူကို ရှာရတာ အရမ်းခက်လာတယ်။ မြန်မာ ပန်းချီလောကမှာက ပန်းချီဆရာတွေအတွက် Nude ပုံဆွဲဖို့ ကြိုးစားရတာ အရမ်းခက်ခဲတယ်။ ဆရာတွေက Nude ပုံတွေ မဆွဲဖြစ်ကြတော့ပေမယ့် အစ်မက အရမ်းဆွဲချင်နေတယ်။ အဲဒီတုန်းကလည်း Nude ပုံတွေဆွဲတာက ပန်းချီလောကမှာ အားလုံးအတွက် အထူးအဆန်းပဲ။ ပန်းချီကျောင်းတွေ၊ သင်တန်းတွေမှာလည်း ဆရာတွေက Nude ပုံဆွဲနည်းတွေ မသင်ပေးခဲ့ကြတော့ ဆွဲရကောင်းမှန်းလည်း မသိကြဘူး။ အဲဒီတုန်းက Nude ပုံတွေဆွဲပြီးရင် ပြလို့လည်း မရပါဘူး။ ဒီပုံတွေ ဆွဲခဲ့တဲ့သူတွေက ပျော်ပြီးတော့ ဆွဲချင်လို့ကို ဆွဲခဲ့ကြတာ။ အဲဒီအချိန်တုန်းက အစ်မအသက်က နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးတယ်။ လူကလည်း ငယ်သေးတယ်၊ လေ့လာချင်စိတ်တွေကလည်း များနေတော့ Nude ပုံတွေဆွဲဖို့ ကိုယ်တိုင် မော်ဒယ်လ် လိုက်ရှာရတာ။ ပထမဆုံးကတော့ အစ်မ အစ်မကို မော်ဒယ်လ် ထိုင်ခိုင်းပြီး ဆွဲတယ်။ သူက ခြောက်ရက်လောက် မော်ဒယ်လ် ထိုင်ပေးပြီး နောက်ပိုင်း မထိုင်ပေးတော့တဲ့အတွက် အပြင်မှာ မော်ဒယ်လ် လိုက်ရှာရပြန်ရော။ ဆရာတွေနဲ့ တုန်းကတော့ အစ်မက ပိန်တဲ့ မိန်းကလေးတွေကိုပဲ Nude ပုံဆွဲခဲ့တာ။ နည်းနည်းဝတဲ့ အစ်မရဲ့ အစ်မကို Nude ပုံဆွဲပြီးတဲ့နောက်မှာ ဝတဲ့ သူတွေကို ဆွဲရတာ ပိုကြိုက်သွားတယ်။ ဝတဲ့သူတွေကို ဆွဲတဲ့အခါမှာ အသုံးပြုရတဲ့ လိုင်းတွေက ပိုပြီးအားကောင်းတာကို အစ်မတွေ့ရတယ်။ အဲဒီအတွက် ဝတဲ့သူတွေကိုပဲ နောက်ပိုင်း အစ်မ Nude ပုံတွေ ဆွဲဖြစ်တယ်။
အစ်မဆွဲထားတဲ့ Nude ပုံတွေကို ၂၀၀၀ ပြည့်နှစ်တုန်းက ဗိဿနိုး ပန်းချီပြခန်းမှာ ပန်းချီဆရာ ၂၆ ယောက်ပြတဲ့ ပြပွဲမှာ ပထမဆုံး ဝင်ပြခဲ့သေးတယ်။ အဲဒီတုန်းက စာပေစိစစ်ရေး ရှိသေးပေမယ့် အစ်မ ရုံးမတင်ဘဲ ပြခဲ့တာ။ အဲဒီနောက်ပိုင်း ဒီပုံတွေပြတာကို သတင်းပေါက်ကြား သွားတဲ့အတွက် လုံးဝပြလို့ မရတော့ဘူး။ ဒါပေမဲ့လည်း ကိုယ်က ဒီပုံတွေဆွဲတာ ပိုးဝင်သွားတဲ့အတွက် ဆက်တော့ ဆွဲဖြစ်နေခဲ့တယ်။ အစ်မ ဒီလိုဆွဲတာကို သိတဲ့ မိတ်ဆွေတွေက တိုက်တွန်းတာနဲ့ ပြည်ပမှာလုပ်တဲ့ ပွဲလေးတွေမှာ ဝင်ပြဖြစ်တယ်။

Voice : Nude ပုံတွေအပြင် တခြား ဘယ်အကြောင်းအရာတွေကို ပန်းချီဆွဲဖို့ စိတ်ဝင်စားလဲ။

SK : အစ်မကတော့ အကြောင်းအရာ တစ်ခုတည်းကိုပဲ အသေးစိတ် ဆွဲရတာ စိတ်ဝင်စားတယ်။ အစ်မဆွဲထားတဲ့ ပုံတွေကို ကြည့်ပြီး ဆရာတချို့ကတော့ အရောင်ပြင်းပြင်းတွေနဲ့ လိုင်းတွေများများ သုံးပြီး ဆွဲထားတဲ့အတွက် မော်ဒန် ဆန်တယ်လို့တော့ ပြောကြတယ်။ အစ်မကတော့ ကိုယ့်ကိုယ်ကိုယ် Realism (သရုပ်မှန်) ပန်းချီဆွဲတယ်လို့ပဲ မြင်တယ်။ ရှုခင်းပုံတွေ ဘာတွေဆွဲတဲ့ အခါမှာလည်း အချိုးတွေ ဘာတွေတွက်ပြီး ဆွဲတာမျိုး မရှိဘူး။ ကိုယ်မြင်တွေ့ခံစားရတဲ့ အတိုင်းပဲ ဆွဲတယ်။ လူတွေမြင်နေကျ မဟုတ်တဲ့ အကြောင်းအရာ မျိုးတွေကို ဆွဲရတာပိုပြီး သဘောကျတယ်။

Voice : အစ်မ Nude ပုံတွေ ဆွဲနေတာကို ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ဘယ်လိုဝေဖန်ကြလဲ။

SK : အစ်မ Nude ပုံတွေ ဆွဲနေတာကို ပန်းချီလောကကက အနုပညာသမား အချင်းချင်းကတော့ လက်ခံ အားပေးကြတယ်။ အစ်မမိသားစုနဲ့ ဆွေမျိုးသားချင်း တွေကတော့ လုံးဝနားမလည်ဘူး။ လက်လည်း မခံကြဘူး။ ပန်းချီလောကထဲမှာတောင် ဒီ Nude ပုံတွေကို လက်မခံနိုင် တဲ့သူတွေ ရှိသေးတယ်။

Voice : Nude ပန်းချီကားတွေ ဆွဲဖြစ်အောင် အစ်မကို စေ့ဆော်တဲ့ အကြောင်းတရားတွေက ဘာတွေလဲ။

SK : ဒီပုံတွေ ဆွဲဖြစ်တာကတော့ ကိုယ့်ရဲ့ ဆွဲချင်တဲ့စိတ်က အဓိက ကျပါတယ်။ Nude ပုံတွေ ဆွဲချင်တဲ့ပိုးက အစ်မခပ်ငယ်ငယ် ကတည်းက ဝင်သွားတာ။ တခြားပုံတွေ ဆွဲရတာထက် ဒီပုံတွေ ဆွဲရတာ ပိုပျော်တယ်။ ဒီပွဲကို The Naked Truth လို့ ပေးထားတာဆိုတော့ လူတစ်ယောက်မှာ ရှိတဲ့ အမှန်တရားပေါ့။ လူတိုင်းက မွေးကတည်းက ဘာမှ ပါလာကြတာ မဟုတ်ဘူးလေ။ အဝတ်အစား ချွတ်လိုက်ရင် အားလုံးက တစ်ပြေးညီပဲဆိုတဲ့ အမှန်တရားတစ်ခုကို အစ်မက လိုင်းတွေနဲ့ တင်ပြထားတာပါ။ နောက်ပြီး Nude ပုံတွေက ပန်းချီလောက အတွက်လည်း လိုအပ်တယ်လို့ အစ်မမြင်ပါတယ်။ ပန်းချီကျောင်းတွေ မှာလည်း ဒီပုံတွေက မသင်မဖြစ် သင်ရတယ်။
ပန်းချီဆရာ တစ်ယောက်အတွက် လူတစ်ယောက်ရဲ့ ခန္ဓာဗေဒကို သိထားဖို့က အရမ်းအရေးကြီးပါတယ်။ မြန်မာပြည်က လူတွေကိုလည်း Nude ပုံတွေက ပန်းချီ ပညာရပ် တစ်ခုပဲဆိုတာ သိစေချင်တယ်။ ညစ်ညမ်းတဲ့ အကြောင်းအရာတွေလည်း ဘာမှမပါပါဘူး။

Voice : ပန်းချီပညာကို အစ်မ ဘယ်အရွယ် ကတည်းက စပြီး စိတ်ဝင်စားခဲ့တာလဲ။

SK : အစ်မ ပန်းချီလောကကို စဝင်တာ အသက် ၂၀ အရွယ်မှာပေါ့။ အစ်မကို ပထမဆုံး ပန်းချီပညာ စသင်ပေးခဲ့တဲ့သူက ဆရာဦးဖေညွန့်ဝေပေါ့။ လောကနတ် ပန်းချီပြခန်း မှာပဲ ဆရာနဲ့ အစ်မ ၂ နှစ်သင်ခဲ့တယ်။ တစ်ပတ်ကို နှစ်ရက် သွားသင်ရတယ်။ Outdoors ဆွဲဖို့အတွက်က ဆရာဦးမောင်မောင်သိန်း ဆီမှာ သင်ခဲ့တယ်။ နောက်ထပ် ဆရာဦးဝင်းဖေမြင့်က လောကနတ်ကို လာရင်းနဲ့ ခင်သွားပြီး သူ့ရဲ့ လှိုင်သာယာက အိမ်မှာတစ်ပတ်ကို တစ်ရက် သွားသင်ခဲ့တယ်။ ဆရာသုံးယောက်ဆီမှာ အစ်မက တစ်ချိန်တည်းလိုလို သင်ခဲ့တာပါ။

Voice : မြန်မာပန်းချီလောကက အမျိုးသမီး ပန်းချီဆရာ တစ်ယောက်တည်း ရှင်သန်ဖို့အတွက် ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။

SK : ဒီနိုင်ငံမှာ ပန်းချီပညာနဲ့ ရပ်တည် ရှင်သန်ဖို့က အရမ်းကို ခက်ခဲပါတယ်။ အခုအချိန် အထိလည်း ငတ်တစ်လှည့် ပြတ်တစ်လှည့်ပဲ။ ထမင်းစားဖို့လောက်ပဲ ရတယ်။ ဒီပန်းချီကို စဆွဲကတည်းက ဒီပညာနဲ့ ထမင်းစားရလိမ့်မယ်လို့ မျှော်လည်း မမျှော်လင့်ခဲ့ဘူး။ စိတ်လည်း မကူးခဲ့ဘူး။ ဒီပန်းချီကို ပျော်လို့ဆွဲတာ၊ ဝါသနာပါလို့ ဆွဲတာပါ။ ပန်းချီဆွဲသက် ၁၈ နှစ် ကြာလာတော့မှ ထမင်းစားဖို့ ရရုံလေးပဲ ရတယ်။ ကိုယ့်ဆီမှာ ပန်းချီပညာလာသင်တဲ့ ကလေးတွေကိုလည်း ပြောထားတယ်။ ပန်းချီလောကက လွယ်မယ် မထင်နဲ့လို့။ သူတို့က ပြပွဲတွေမှာ ကားတစ်ကားကို ဒေါ်လာထောင်နဲ့ ချီပြီးရတဲ့ ပန်းချီဆရာတွေကိုကြည့်ပြီး အားကျနေကြတယ်။ ဒီလိုဘဝမျိုး ရောက်ဖို့အတွက် သူတို့ ဘယ်လောက်အထိ ရင်းနှီးပေးဆပ် ခဲ့ရသလဲဆိုတာ ကလေးတွေကို ပြောပြတယ်။
ပန်းချီဆရာ အများစုက အဆင်မပြေကြပါဘူး။ ပန်းချီပညာနဲ့ ကောင်းကောင်းမွန်မွန် ရပ်တည် ရှင်သန်လို့ရတဲ့သူက ဆယ်ယောက်တောင် မပြည့်ပါဘူး။ အဲဒီအတွက် ပန်းချီလောကကို အရမ်းကြီး အထင်ကြီးပြီး ဝင်မလာဖို့။ တကယ်ဝါသနာပါမှ၊ ရူးသွပ်မှ ဒီအလုပ်ကို လုပ်ဖို့ကလေးတွေကို ဆုံးမထားတယ်။

Voice : စာပေစိစစ်ရေး ရှိခဲ့တဲ့ ကာလမှာ ပြပွဲတွေပြသဖို့ ပိတ်ပင် တားဆီးမှုတွေ အများကြီး ကြုံခဲ့ရတယ်လို့ ပန်းချီဆရာတွေက ပြောကြတယ်။ အစ်မကိုယ်တိုင်ရဲ့ ဖြတ်သန်းမှုမှာရော ဘယ်လို အတားအဆီးတွေ ကြုံခဲ့ရလဲဆိုတာ ပြောပြပေးပါဦး။

SK : စာပေစိစစ်ရေးရှိခဲ့တဲ့ ကာလမှာတော့ အစ်မလည်း ပိတ်ပင်တားဆီးမှုတွေ ကြုံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက အစ်မက ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားတွေက ညစ်ပတ် စုတ်ပြတ်နေတာကို ပန်းချီ လိုက်ဆွဲတယ်။ ပြပွဲလုပ်ဖို့ စိစစ်ရေး တင်တဲ့အချိန်မှာ အကုန်ဖြုတ်ချခံရတယ်။ အဲဒီတုန်းက အစိုးရက တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင်ဆိုတဲ့ ခေါင်းစဉ်နဲ့ မြို့တော် သာယာလှပရေး လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ အချိန်ပေါ့။ အဲဒီလို ပယ်ချခံရတာမျိုး အစ်မသုံးခါလောက် ကြုံဖူးတယ်။ နောက်တစ်ခုက ကိုယ်က အနီရောင်ကြိုက်လို့ ပန်းချီကားကို ဆေးနီတွေသုံးပြီး ဆွဲထားရင်လည်း ပြခွင့်မရဘူး။ သူတို့ အမြင်ကတော့ အနီရောင်က နိုင်ငံရေးကို ကိုယ်စားပြုတယ်ဆိုပြီး ပြခွင့် မရတာပေါ့။

Voice : အခုဆို ပန်းချီပြပွဲတွေ တော်တော်များများ လုပ်လာကြတယ်နော်။ ပန်းချီကား ဝယ်ယူသိမ်းဆည်းတဲ့ နေရာမှာကျတော့ ပြည်တွင်းနဲ့ ပြည်ပ ဘယ်ဟာပိုများလဲ။

SK : ပန်းချီလောက တစ်ခုလုံး အတွက်တော့ မသိဘူး။ အစ်မရဲ့ ပန်းချီကားတွေကိုတော့ ပြည်ပကသူတွေ ဝယ်တာ ပိုများတယ်။ ပြည်တွင်းမှာ ဝယ်ယူ စုဆောင်းတဲ့သူတော့ သိပ်မရှိဘူး။ ကိုယ့်ရဲ့ ဆရာသမားတွေနဲ့ သူငယ်ချင်းတွေ အချင်းချင်း ကိုယ်ဆွဲထားတဲ့ ပန်းချီကားတွေ လဲကြတာတို့၊ ပိုက်ဆံရှိတဲ့သူ အနည်းငယ်က ဝယ်ယူ စုဆောင်းတာတို့ လောက်ပဲ ရှိတယ်။ တကယ်တမ်း ရောင်းရတာတော့ ပြည်ပမှာ ပိုရောင်းရပါတယ်။

Voice : The Naked Truth ပန်းချီပြပွဲနဲ့ ပတ်သက်ပြီး အစ်မဘက်က ပြောချင်တာတွေ ရှိရင်ပြောပေးပါဦး။

SK : အခုအစ်မပြတဲ့ ပန်းချီပြပွဲမှ မဟုတ်ဘူး။ ပြည်တွင်းမှာ လုပ်တဲ့ ပန်းချီပြပွဲတိုင်း လိုလိုမှာ ဒီကပရိသတ်တွေ လာကြည့်တာ အရမ်းနည်းပါတယ်။ အစ်မတို့က ပရိသတ်တွေများများ လာကြည့်စေချင်တယ်။ ခေတ်က ပြောင်းသွားတဲ့အတွက် အခုဆို ပန်းချီပြပွဲတွေ အများကြီး လုပ်လာကြပြီလေ။ ပန်းချီပြပွဲတွေက ပိုက်ဆံလည်း တစ်ပြားမှ ပေးစရာမလိုပါဘူး။ ပန်းချီလောက တိုးတက်ဖို့က ပရိသတ်တွေရဲ့ အားပေးမှုလည်း အများကြီး လိုပါတယ်။

The Voice