သမ္မတက ၀န်ကြီးဦးအုန်းမြင့်ကို ခေါ်တွေ့

ပို့စ်တင်ချိန် - 2/04/2014 07:04:00 PM

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို တွေ့ရစဉ် ဓာတ်ပုံ - အောင်သူရ

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်အား မကွေးတိုင်း ဒေသကြီး သစ်ရာကောက်ကျေးရွာ ခရီးစဉ်မှ ပြန်ရောက်လျှင် ရောက်ချင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၃ ရက်တွင် ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

““ဘာအကြောင်း ခေါ်တွေ့လဲတော့ မသိရသေးဘူး။ ဒီမနက် (ဖေဖော်ဝါရီ ၃ ရက်) တော့ သမ္မတကြီးက သူ့ကိုခေါ်တွေ့တာပဲ သိတယ်”” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မွေးရေ/ကျေးလက်ဝန်ကြီးသည် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများသို့ သွားရောက်နေပြီး နေပြည်တော်သို့ ပြန်ရောက်လျှင်ရောက်ချင်း နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း ဦးရဲထွဋ်ကပြောသည်။

““သမ္မတကြီးက ၀န်ကြီးဦးအုန်းမြင့်ပြောတဲ့စကားတွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်ဆိုးနေတယ်လို့ ကြားတယ်”” ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မွေးရေ/ကျေးလက် ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည် မကြာသေးမီရက်ပိုင်းက မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာရှိ ဒေသခံများနှင့် တွေ့ ဆုံစဉ် ဒေသခံများနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကို ရိုင်းစိုင်းကြမ်းတမ်းသောစကားများ ပြောဆိုခဲ့သဖြင့် နယ်ပယ်အသီးသီးမှ ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က အဆိုပါဝန်ကြီးအား ရာထူးမှနုတ်ထွက်ပေးရန် ရန်ကုန်မြို့ ဆူးလေစေတီအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Author: အောင်သူရ
7day Daily