စစ်ဘေးရှောင် ကျောင်းသားများအတွက် ပညာရေး ဖွံ့ဖြိုးရေး စင်တာ ဖွင့်မည်

ပို့စ်တင်ချိန် - 2/20/2014 06:58:00 PM




မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်ရှိ တရုတ်- မြန်မာ နယ်စပ်ဒေသ ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ စစ်ရှောင် စခန်းများတွင် ခိုလှုံလျက် ရှိသော စစ်ရှောင် ကျောင်းသားများ အထက်တန်းပညာ ဆက်လက် သင်ကြားနိုင်ရန် ပညာရေး ဖွံ့ဖြိုးရေးစင်တာ (IDP Youth Formation Centre) တစ်ခုကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွင်း ဝိုင်းမော်မြို့နယ် မိုင်းနား ကျေးရွာရှိ စိန်ဂျိုးဇက် စစ်ရှောင် စခန်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (KMSS) မှ ဒါရိုက်တာ ဖာသာရ်နိုအဲလ် နော်လတ်က ပြောကြားသည်။

တရုတ်- မြန်မာ နယ်စပ်ဒေသ တစ်လျှောက် ဒွန်ဘုန်၊ မဂါးယန်၊ မှတ်တိုင် (၆) နှင့် မှတ်တိုင် (၈) စစ်ရှောင် စခန်းများတွင် ကရုဏာ လူမှု အဖွဲ့အစည်းက ဖွင့်လှစ်ပေးထားသည့် စာသင်ကျောင်းများ ရှိရာ စစ်ရှောင် ကျောင်းသားများ အနေနှင့် အလယ်တန်းပညာ ပြီးဆုံးသည်အထိ သင်ယူနိုင်သော်လည်း အထက်တန်းပညာ ဆက်လက် သင်ကြားနိုင်ရေး အတွက် အခက်အခဲများ ကြုံတွေ့ နေရသောကြောင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ပညာရေး ဖွံ့ဖြိုးရေး စင်တာမှ စစ်ရှောင် ကျောင်းသားများ နေထိုင်စားသောက် စရိတ်ကို တာဝန်ယူမည် ဖြစ်ပြီး အစိုးရ ကျောင်းများတွင် တက်ရောက် သင်ကြားနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“စဖွင့်တဲ့ နှစ်မှာ စစ်ရှောင် ကျောင်းသူ၊ ကျောင်းသား ၁၅၀ နဲ့ ၁၈၀ ကြား လက်ခံသွားမယ်။ မတ်လမှာ စလက်ခံမယ်။ နယ်စပ် ဒေသမှာရှိတဲ့ စစ်ရှောင်စခန်း အားလုံးက ကျောင်းသားတွေ လာတက်နိုင်တယ်။ နယ်စပ်ဒေသက စစ်ရှောင် ကျောင်းသားတွေ အတွက် ဦးစားပေး ဆိုပေမယ့် မြို့ပေါ် ဒုက္ခသည် စခန်းက ကျောင်းသားတွေကိုလည်း အခြေအနေ ကြည့်ပြီး လက်ခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။

နယ်စပ် စစ်ရှောင် စခန်းများရှိ စာသင်ကျောင်းများသည် ကေအိုင်အို ပညာရေး ဌာနနှင့် ချိတ်ဆက် သင်ကြားနေခြင်း ဖြစ်ရာ အစိုးရ စာသင်ကျောင်းများမှ အဆိုပါ စစ်ရှောင် ကျောင်းသားများ လက်ခံရန် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီးနှင့် ပညာရေး ဝန်ကြီး ဌာနတို့ထံ အကူအညီ တောင်းခံ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကရုဏာ ဒါရိုက်တာက ထပ်လောင်း ပြောကြားသည်။

“အရင်ကတည်းက စစ်ရှောင် ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရနဲ့ လူမှုရေး ဝန်ကြီးတို့က အများကြီး အကူအညီ ပေးခဲ့ပါတယ်။ အခုလည်း ကူညီပေးမယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ရှောင် ကျောင်းသားများ၏ ပညာရေးနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တတ်နိုင်သရွေ့ ပံ့ပိုးပေးလျက် ရှိပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ် ညှိနှိုင်းကာ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားသည်။

“လောလောဆယ် လူမှု အဖွဲ့အစည်းတွေက စစ်ရှောင် ကျောင်းသားတွေနဲ့ ပတ်သက်ပြီး တင်ပြလာတာ မရှိသေးဘူး။ တင်ပြလာခဲ့ရင်လည်း ပညာရေးဆိုတော့ အစိမ်း၊ အကျက်မရွေး ထည့်သွင်း စဉ်းစားပြီး ကူညီသွားမှာပါ” ဟု လူမှု ဝန်ကြီးက ဆိုသည်။

ပညာရေး ဖွံ့ဖြိုးရေး စင်တာတွင် တက်ရောက်ခဲ့သည့် စစ်ရှောင် ကျောင်းသားများ အထက်တန်းပညာ ပြီးဆုံးပါက အလုပ်အကိုင် ရရှိရေးနှင့် အဆင့်မြင့်ပညာ ဆက်လက် သင်ယူနိုင်ရေး အတွက် ပံ့ပိုး ပေးသွားမည် ဖြစ်ရာ ကျောင်းဆရာလုပ်ငန်း စိတ်ဝင်စားသူများကို စင်တာက ဖွင့်လှစ်သည့် ဆရာဖြစ် သင်တန်း (Teacher Trainning) များတွင် တက်ရောက်စေကာ နယ်စပ်ဒေသ စစ်ရှောင် စခန်းများရှိ စာသင်ကျောင်းများတွင် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း ကရုဏာ အဖွဲ့အစည်းထံမှ သိရသည်။

လက်ရှိ ကရုဏာ လူမှု အဖွဲ့အစည်းက အကူအညီ ပေးနေသော နယ်စပ်ဒေသ စစ်ရှောင် စခန်းများတွင် စစ်ရှောင် ကျောင်းသားဦးရေ ၁၀၀၀ ကျော် ရှိပြီး အထက်တန်း ကျောင်းသား ၈၀ ကျော်ခန့် ရှိကြောင်း ကရုဏာ လူမှုအဖွဲ့အစည်း၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly