အကြမ်းဖက် ဖမ်းဆီးခံရသည် ဟုဆိုကာ စစ်ကိုင်းရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့ကို သမ္မတထံ တိုင်ကြား

ပို့စ်တင်ချိန် - 2/27/2014 11:51:00 PM



မန္တလေး၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းမြို့နယ် အာလောင်ကျေးရွာတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးကို စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့က ဖမ်းဝရမ်း မပါဘဲ အင်အားသုံး ထိုးကြိတ် ရိုက်နှက် ကန်ကျောက်ကာ ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီး ခံရသည်ဟု ဆိုကာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံ တိုင်ကြားခဲ့ကြောင်း ယင်းတိုင်ကြားသူ ဒေါ်မိုးမိုးမြင့်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာနခုနစ်ခုကို တိုင်ကြားထားပြီး ယင်းစစ်ကိုင်းမြို့ အမှတ် (၂) ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်းနှင့် အဖွဲ့ကိုလည်း တရားစွဲဆို သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ယင်းစခန်းမှူးနှင့် အတူ ရဲမေသုံးဦး အပါအဝင် အင်အား ၂၀ ခန့်သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကိုင်းမြို့ အာလောင်ကျေးရွာတွင် နေထိုင်သူ ဒေါ်မိုးမိုးမြင့်ကို လာရောက် ဖမ်းဆီးရာတွင် အင်အားသုံး အကြမ်းဖက် ထိုးကြိတ်ရိုက်နှက် ကန်ကျောက်မှုကြောင့် ဒေါ်မိုးမိုးမြင့်၏ ညာဘက်နားထင် ဖူးရောင်၊ ဘယ်ဘက်နားထင် ဖူးရောင်၊ ညာဘက်မျက်ခုံး ပေါက်ပြဲ ၊နဖူးပြင် ပေါက်ပြဲ၊ ညာဘက် လက်ကောက်ဝတ် အဆစ်လွဲ၊ ဘယ်လက်ကောက်ဝတ် လက်ထိတ်ဒဏ်ကြောင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေါ်မိုးမိုးမြင့်၏ သမ္မတထံ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

ယင်းဖြစ်စဉ်ကို မျက်မြင် တွေ့ရှိသူ ဒေါ်ခင်ဝင်းကလည်း ယင်းသို့ ပြုမူခံရသည်မှာ အမှန်ဖြစ်ကြောင်း The Voice ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဒေါ်မိုးမိုးမြင့်ကို ဖမ်းဆီးရခြင်းမှာ ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ရွှေကြက်ထောင့် ကျေးရွာ သံဃနာယက အဖွဲ့၏ တိုင်ကြားချက် အရ စစ်ဆေးမေးမြန်းရန် ရှိသဖြင့် သွားရောက် ခေါ်ယူ ဖမ်းဆီးရခြင်း ဖြစ်ပြီး ရဲအရေးပိုင်သော အမှုဖြစ်သဖြင့် ဖမ်းဝရမ်း မလိုကြောင်း၊ ယင်းသို့ ခေါ်ယူရာတွင်လည်း မိမိတို့အနေနှင့် ယင်းအမျိုးသမီး စွပ်စွဲသကဲ့သို့ ပြုမူခြင်း မရှိဘဲ ယင်းအမျိုးသမီးကသာ ရဲတပ်ဖွဲ့ဝင် ရဲမေများကို ခုံဖိနပ်ဖြင့် ရိုက်ခြင်း ဒေါ်မိုးမိုးမြင့်၏ သမီးဖြစ်သူက ခရမ်းချဉ်သီး ထည့်သော သေတ္တာခွံဖြင့် ပစ်ပေါက်ခြင်းများနှင့် ၎င်းနှင့် ဆက်စပ် ပတ်သက်သူ အခြား အမျိုးသမီး အချို့ကလည်း ရဲမေများကို ဆွဲရမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်းက The Voice သို့ ပြောကြားသည်။

ယင်းသို့ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ဒေါ်မိုးမိုးမြင့်နှင့် သမီး လွင်မာဦး၊ အိမ်နီးချင်း ဖြစ်သူ မအေးလေး၊ ဒေါ်ခင်ဝင်း၊ မစိမ်းစိမ်းမြင့်တို့က ရဲမေများ တာဝန် ထမ်းဆောင်နေစဉ် ဟန့်တားခြင်း၊ ဖမ်းဆီးခြင်း မပြုနိုင်ရန် ကိုယ်ထိလက်ရောက် လက်ဆွဲ တွန်းဖယ်ခြင်းများ ပြုလုပ်မှုကြောင့် ဒုရဲအုပ် ခင်ခင်လေးတွင် ဦးခေါင်း ပေါက်ပြဲ ဖူးရောင် ဒဏ်ရာ၊ ညာလက်ခလယ် နာကျင် ဒဏ်ရာနှင့် ဝတ်ဆင်ထားသော ရွှေဆွဲကြိုး ပြတ်ခြင်း၊ ဒုရဲအုပ် ဝင်းဝင်းဆွေတွင် ဝဲပါးရိုး ဖူးရောင်၊ ဝမ်းဗိုက် နာကျင် အောင့်ခြင်းနှင့် ဝဲဒူးနာကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မိမိတို့ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း စစ်ကိုင်းမြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး သိန်းဆွေက ဖြည့်စွက် အတည်ပြု ပြောကြားသည်။

ယင်းသို့ ရဲတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်စဉ် နာကျင်စေမှုများ ရရှိအောင် ပြုမူ ဆောင်ရွက်သူ ဒေါ်မိုးမိုးမြင့်၊ လွင်မာထွန်း၊ ဒေါ်ခင်ဝင်း၊ မအေးလေး၊ မစိမ်းစိမ်းမြင့်တို့ ငါးဦးကို အရေးယူပေးပါရန် စစ်ကိုင်းမြို့ မြို့မရဲစခန်း စခန်းမှူးထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားထားကြောင်း ယင်းတိုင်ကြားသူ စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်းက ထပ်မံ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အမှတ် ၂ နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်း အပါအဝင် အင်အား ၁၀ ဦးက ဒေါ်မိုးမိုးမြင့်ကို တိုင်ကြားချက်အရ သွားရောက် ခေါ်ယူ ဖမ်းဆီးမှုများ ပြုပြီး အာမခံ ပေးခဲ့ကြောင်း စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။

ဒေါ်မိုးမိုးမြင့်သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကိုင်း-မင်းကွန်း ကားလမ်းဘေး ရွှေကြက်ထောင့် ကျေးရွာရှိ ၎င်းပိုင်ဆိုင်သော ခြံဝင်းကို ဝင်းခတ်စဉ် ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လာရောက် တားမြစ်ချိန်တွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ဆဲရေး တိုင်းထွာခြင်း၊ တာဝန်ဝတ္တရား နှောင့်ယှက်ခြင်းများ ပြုလုပ်သောကြောင့် အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့က လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့ အာလောင် ကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ထိုသို့ ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လာရောက် တားမြစ်ချိန်တွင် ဒေါ်မိုးမိုးမြင့်သည် ရိုင်းပျစွာ ကြိမ်းဝါးဆဲဆိုခြင်း၊ ရဟန်းသံဃာနှင့် အများပြည်သူရှေ့တွင် ၎င်း၏အပေါ် အင်္ကျီနှင့် လုံချည်ကို ချွတ်ပြခြင်း လှစ်ဟပြခြင်း အပါအဝင် ရိုင်းစိုင်းသော ကိုယ်ဟန် အမူအရာတို့ကို ပြုလုပ် ပြခဲ့ကြောင်း ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ပြောကြားသည်။

ယင်းအမျိုးသမီးသည် နှစ်ခါတိတိ မဖွယ်မရာ ပြသခဲ့ကြောင်း ရွှေကြက်ထောင့် ကျေးရွာ ဇီးခြံ ကျောင်းတိုက်မှ သံဃာတစ်ပါး ဖြစ်သူ ဦးပညာစက္ကက မိန့်ကြားသည်။

“ကျွန်မအနေနဲ့ သံဃာတော်တွေကို စော်ကားတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ အသက် အန္တရာယ်နဲ့ နီးတဲ့အတွက် အင်္ကျီ အဝတ်အစားတွေ ချွတ်ပြရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်မိုးမိုးမြင့်က ပြောကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ဝတ္တရား အရ သွားရောက် တားမြစ်ခဲ့စဉ် ဒေါ်မိုးမိုးမြင့်က အများပြည်သူနှင့် သံဃာတော်များ ရှေ့မှောက်တွင် သာသနာ ညှိုးနွမ်းစေမှုများ ပြုလုပ်ကာ ဆဲဆိုခြင်း ကြိမ်းဝါးခြင်း တာဝန်ဝတ္တရား နှောင့်ယှက်ခြင်းကို ပြုလုပ်ခဲ့ခြင်းကြောင့် ဒေါ်မိုးမိုးမြင့်ကို ဥပဒေအရ အရေးယူပေးပါရန် ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက တိုင်တန်း အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဒေါ်မိုးမိုးမြင့်ကို စစ်ကိုင်းမြို့ မြို့မ ရဲစခန်းတွင် (ပ) ၈၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၉၅-က၊ ပုဒ်မ ၅၀၆ တို့အရ အမှုဖွင့် အရေးယူထားကြောင်း စစ်ကိုင်းမြို့ မြို့မ ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly