အကွက်ကျကျ လှမ်းနေသော ဦးရွှေမန်း၏ခြေလှမ်းများ

ပို့စ်တင်ချိန် - 2/01/2014 02:00:00 PM


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးရဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့အမေးကို ဖြေဆိုရာမှာ လွှတ်တော်ဥက္ကဋ္ဌရာထူးကို “အရင် တုန်းက  စစ်ဗိုလ်ချုပ်ကြီးရာထူးထက် ပိုမိုနှစ်သက်သဘောကျတယ်”လို့ ဖြေခဲ့ပါတယ်။ ဒေါ်စုကြည် နဲ့ ပတ်သက်လို့လည်း “အမကြီး ဒေါ်စု သမ္မတဖြစ်ရင် သူ့အနေနဲ့ အစစအရာရာ ကူညီပေး မယ်”လို့ ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဒေါ်စုက ထပ်မံ တောင်းဆိုလာရင် ဦးရွှေမန်းအနေနဲ့ ကြိုဆိုထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီစကားတွေဟာ ဒေါ်စုနဲ့ ကြိုတင်ညှိနှိုင်းထားတဲ့ စကားတွေဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

သမ္မတဖြစ်ချင်တဲ့သူချင်းအတူတူ “အမကြီး ဒေါ်စုကို အားပေးကူညီမယ်” ဆိုတဲ့ စကားကို လေ့လာကြည့်ခြင်းအားဖြင့် ဦးရွှေမန်းရဲ့ အတွင်းစိတ်ကို သိနိုင်ပါတယ်။ သူအနေနဲ့ သူတို့ပါတီ ကြံ့ဖွတ် ရှုံးနိမ့်ခဲ့ရင်တောင် သူ့အတွက် နေရာမပျောက်အောင် အခုကထဲက လမ်းကြောင်းဖော်ထားတာ ဖြစ်ပါတယ်။ စစ်တပ်ထဲက ဗိုလ်ချုပ်ကြီးရာထူးဆိုတာ ဦးရွှေမန်းအနေနဲ့ ပြန်လည်ရယူလို့ဖြစ်တဲ့ကိစ္စ မဟုတ်လေတော့ ဗိုလ်ချုပ်ကြီးရာထူးထက် လွှတ်တော်ဥက္ကဋ္ဌနေရာကို ပိုသဘောကျတယ်လို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ ဦးရွှေမန်းအနေနဲ့ အသက်ရှင်နေသရွေ့ ရာထူးနေရာတစ်ခုခုတော့ ပိုင်ဆိုင်ထားမှ ဖြစ်မယ်ဆိုတဲ့ ရည်မှန်း ချက်ထားရှိ လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုကို ပူးကပ်နေတာလို့ သုံးသပ်ရပါတယ်။

ပြောရမယ်ဆိုရင်တော့ ဦးရွှေမန်းတစ်ဦးတည်းက ဒေါ်စုကို ကပ်ထားတာ မဟုတ်ဘဲ သူနဲ့ တစ်နွယ်ငင်တစ်စင်ပါ ဆိုသလို သူ့မိသားစု၊ သူ့ခမည်းခမက်မိသားစုတွေလဲ ဒေါ်စုမှ ဒေါ်စု ဖြစ်နေကြပါတယ်။ ဒေါ်စုကြည် ဆေးရုံတက်ရတုန်းကလည်း  ဦးရွှေမန်းရဲ့ မိသားစုတွေပဲ အနီးကပ်ပြုစုပြီး ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြတာဖြစ်ပါတယ်။ ဒေါ်ခင်ကြည် နှစ်ပတ်လည်တို့၊ ဒေါ်စု မွေးနေ့တို့ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဦးရွှေမန်းကိုယ်တိုင် ပန်းစည်းပေးတာတို့၊ လက်ဆောင်ပေးတာတို့တွေဟာ မမြင်ချင်အဆုံးပဲ ဖြစ်ပါတယ်။

ဒေါ်စုအတွက် လိုအပ်ချက်မှန်သမျှ ဦးရွှေမန်းအနေနဲ့ ဖြည့်ဆည်းပေးနေသလို သူကိုယ်တိုင် မဖြည့်ဆည်းနိုင်တဲ့ ကိစ္စရှိခဲ့ရင်လည်း ခမည်းခမက်ဖြစ်တဲ့ သူဋ္ဌေးကြီး ဒေါက်တာခင်ရွှေတို့ကို ဖြည့်ဆည်း ခိုင်းထားပါတယ်။ ဒေါ်စုရဲ့ ဘားအံခရီးစဉ်မှာဆိုရင် တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ငွေကြေးက အစ ဦးခင်ရွှေရဲ့ချွေးမ နန္ဒာလှိုင်တို့လင်မယားက လုပ်ပေးခဲ့ပါတယ်။ (NLD) အဆောက်အဦးတစ်ခုလုံး သိန်းပေါင်းမြောက်များစွာ အကုန်အကျခံဆောက်လုပ်ဖို့ AGD Bank ဦးတေဇ က အမည်ခံပေမယ့် တကယ်တန်းက ဦးရွှေမန်းရဲ့သား အောင်သက်မန်းက ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။


ဒီလိုမှ လုပ်ကိုင်မထားရင်လဲ သူ့မိသားစုတွေရဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဖေက လွှတ်တော်မှာ အကြီးဆုံးပုဂ္ဂိုလ်၊ သားတွေက ကုမ္ပဏီ ပိုင်ရှင်ကြီး တွေ၊ ခမည်းခမက်ကလည်း မြန်မာနိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင် တစ်ဦးဖြစ်လေတော့ ဦးရွှေမန်းမှာ လိုအပ်တာက အာဏာပါပဲ။ ဒါကြောင့်လည်း ဒေါ်စုကြည်ကို အသေရရ အရှင်ရရ ကပ်ထားလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးရွှေမန်းဟာ ကျားကစားသူလိုပါပဲ။ ကင်းဝင်နိုင်မယ့်ကျားကိုရွေးပြီး အပိုင်ကိုင် လိုက်တာဖြစ်ပါတယ်။ ဒေါ်စုကြည်နဲ့ ဦးရွှေမန်းတို့ဟာ အနာဂတ်မှာ သူတို့ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတဲ့ Plan ကို နှစ်ကိုယ်ကြား ရေးဆွဲထားပြီး ဖြစ်ပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးမှာတော့ ဦးရွှေမန်းဟာ ချစ်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်မလာဘဲ ကြောက်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်လာနေပြီလို့ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးက ပြောပါတယ်။ လုပ်ဖော် ကိုင်ဖက် အချင်းချင်းအပေါ်မှာလည်း သစ္စာမထားခဲ့ပါဘူး။ ဝေးဝေးကြည့်စရာမလိုပါပဲ။ လက်ရှိမှာ သမ္မတ တာဝန်ထမ်းဆောင်နေတဲ့ ဦးသိန်းစိန်အပေါ်မှာ လွှတ်တော်ရဲ့ အရှိန်အ၀ါသုံးပြီး ဦးရွှေမန်းဖြစ်စေချင်တာပဲ ပြည်ထောင်စုအစိုးရက လုပ်ရမယ်ဆိုတဲ့ လုပ်ရပ်မျိုး လုပ်ဆောင်နေပါတယ်။     လွှတ်တော်က အတည်ပြု ထားတဲ့ ဥပဒေတွေကို ပြည်ထောင်စုအစိုးရ တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတက ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာခဲ့တာမှန်သမျှ ပြည်ထောင်စုလွှတ်တော်က ပယ်ပစ်လိုက်ပါတယ်။ လွှတ်တော်တွင်းမှာလဲ သူ့ကိုထောက်ခံတဲ့သူတွေကို နေရာပေးပြီး အာဏာတည်ဆောက်နေတာကိုလည်း တွေ့လာရပါတယ်။

          ဒါတွေကိုလေ့လာကြည့်ပြီး သုံးသပ်ရရင်တော့ ၂၀၁၅ မှာ လက်ရှိသမ္မတက ပြန်လည်အရွေးခံဖို့ ရွေးကောက်ပွဲဝင်ခဲ့မယ်ဆိုရင် ဦးသိန်းစိန်အပေါ်မှာ ပြည်သူတွေ အမြင်မှားအောင် လုပ်ဆောင်နေတာ ဖြစ်သလို၊ ဦးရွှေမန်းကိုယ်တိုင်ကလည်း သမ္မတဖြစ်ဖို့ ကြိုးစားနေတာမို့ သူ့ကို ပြည်သူတွေ အထင်ကြီး အောင်လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ သမ္မတမဖြစ်ဘဲ ဒေါ်စု သမ္မတဖြစ်လာခဲ့မယ်ဆိုရင် လည်း သူ့အတွက် အရေးပါတဲ့နေရာကို လက်မလွတ်သွားစေဖို့ ကြိုးစားနေတာဖြစ်ကြောင်း သုံးသပ်လိုက် ရပါတယ်။
       
မင်းမြန်မာ
MyanmarCNN.com