ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်အား စစ်ဆေးရန် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို သမ္မတထံ ယခုလကုန် တိုက်ရိုက်တင်ပြရမည်

ပို့စ်တင်ချိန် - 2/09/2014 10:42:00 AM



ယခုနှစ် ဇန်နဝါရီ ၁၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင် ရဲကင်းမှ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့သည့် ဒုချီးရားတန်းရွာကိစ္စ ဖြစ်စဉ်အမှန် ပေါ်ပေါက်အောင် စစ်ဆေးရန် အဖွဲ့ဝင် ၁ဝ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂ဝ၁၄ ဖြင့် ဖော်ဖော်ဝါရီ ၆ ရက်တွင် ဖွဲ့စည်းခဲ့ ကြောင်း ဖော်ဖော်ဝါရီ ၇ ရက်ထုတ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာသာလှရွှေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တစ်ဦး၊ နိုင်ငံတကာ ဥပဒေပညာရှင်တစ်ဦး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့မှသုံးဦး၊ အငြိမ်းစား သံအမတ်ကြီးတစ်ဦး၊ စစ်တွေမြို့နှင့် မောင်တောမြို့မှ ရပ်မိရပ်ဖနှစ်ဦး စသည်တို့မှ စုံစမ်းစစ် ကော်မရှင်အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြပြီး Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်က စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်သည်

(က) ဒုချီးရားတန်း ကျေးရွာ၌ ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
သေဆုံးရသည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်-မဟုတ်

(ခ) ဇန်နဝါရီ ၂၈ ရက် တွင် ဒုချီးရားတန်း (အနောက်) ရွာမီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် မည်သူ့ပယော
ဂကြောင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း

(ဂ) ဒုချီးရားတန်း အနောက်ရွာ မီးလောင်သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ် မရှိသော မမှန်ကန်သည့် သတင်းထုတ်လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း

(ဃ) ဖြစ်စဉ်များကြောင့် သေဆုံးဒဏ်ရာရရှိမှု နေအိမ်ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေ

(င) ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ စသည်တို့ကို ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေး၍ သုံးသပ်ချက်နှင့်တကွ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အရောက် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက် အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ထမ်းဆောင်စဉ်အတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံဆောင်ရွက် ပေးရမည်ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ တို့နှင့်အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်ဟု နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

(အထူးအခွင့်အရေး ကော်မရှင်လာရောက်စဉ် ဒုချီးရားတန်း ဒေသခံများ စာသင်ကျောင်းအတွင်း တွေ့ရစဉ်)

Eleven Media Group