သတင်းစာ ရှင်းလင်းပွဲလာ မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင် တရားခံပြေး အဖြစ် ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 2/24/2014 11:04:00 PM


မန္တလေး၊ ဖေဖော်ဝါရီ ၂၃

မန္တလေး မြို့တော်တွင် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သော မိုးထိမိုးမိ ရွှေလုပ်သားများ၏ အလုပ်အကိုင် ရရှိရေး ပြဿနာ ဖြေရှင်းပေးရန် စီမံချက်များ အကြောင်း သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်သည့် မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင် ဦးဝင်းအောင်ကို ရမည်းသင်း မြို့နယ် ရဲစခန်းမှ တရားခံပြေး အဖြစ် လာရောက် ဖမ်းဆီးခဲ့ကြောင်း ရမည်းသင်း မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို အတည်ပြု ပြောကြားသည်။

ဦးဝင်းအောင်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
“သူ့ကို ကျွန်တော်တို့ အမှုဖွင့်ထားတာ ရှိတယ်။ အဲဒီအမှုနဲ့ တရားခံပြေး အနေနဲ့ ဖမ်းလိုက်တယ်” ဟု ရမည်းသင်း မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင် ဦးဝင်းအောင်ကို ရမည်းသင်း မြို့နယ် ရဲစခန်းက (ပ) နံပါတ် ၁၆/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၁၄၃/ ၁၄၇၊ ၅၀၅ (ခ) အရ အမှုဖွင့်ထားပြီး တရားခံပြေး အဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်မတို့ကို ကုမ္ပဏီက သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ လာပြီး ဆွေးနွေးလို့ နားထောင်လို့ ရတယ်ဆိုလို့ ကိုဝင်းအောင် အပါအဝင် ရွှေလုပ်သား လေးယောက် မန္တလေးကို သွားကြတယ်။ နောက်တော့ ကိုဝင်းအောင် တစ်ယောက်တည်းကို ဖမ်းသွားတယ်” ဟု ဦးဝင်းအောင်၏ အစ်မအရင်း ဖြစ်သူ ဒေါ်ခင်အေးက ပြောကြားသည်။

ရွှေမြင်တင် ဘုရားတွင် သပိတ် စခန်းဖွင့် ဆန္ဒပြလျက် ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ကျော်ခန့်မှ ၇၀ ကျော်ခန့်မှာ နေရပ်သို့ ကုမ္ပဏီ၏ ခရီးစရိတ် ထောက်ပံ့ပေးမှု ရယူကာ ပြန်သွားပြီး လက်ရှိ သပိတ်စခန်းတွင် လူဦးရေ ၃၀ ဦးမျှသာ ကျန်ရှိကာ ဆက်လက် ဆန္ဒ ထုတ်ဖော်လျက် ရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိ တောင်ပေါ်တွင် ရွှေတူးဖော်ခွင့် ဆက်လက် လုပ်ကိုင်ခွင့် မရသဖြင့် ရွှေမြင်တင် ဘုရားတွင် နေထိုင်လျက် ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ခန့်ကို အဆိုပါ ဘုရား ဂေါပက အဖွဲ့မှ ဆက်လက် နေထိုင်ခွင့် မပြုကြောင်း စာထုတ်သဖြင့် ယင်းဘုးရား အရှေ့ဘက်ရှိ ရွှေယဉ်ကျော် တောင်ပေါ်ရှိ စိတ္တသုခ ဘုန်းကြီးကျောင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က အဆိုပါ ကျောင်းတွင် နေထိုင်သည့် တစ်ပါးတည်းသော ဦးပဉ္စင်းကို ယင်းရပ်ကျေးအဆင့် ဂေါပက အဖွဲ့များနှင့် အုပ်ချုပ်ရေးမှူးများက ခေါ်ယူကာ သံဃာကျင့်ဝတ် စည်းကမ်းများနှင့် မကိုက်ညီဟု ပြောဆိုခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ ကျောင်းတွင် နေထိုင်လျက် ရှိသော မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ကျော်မှာ နေထိုင် စားသောက်ရေး အတွက် အခက်အခဲ ကြုံလျက် ရှိကြောင်း မိုးထိမိုးမိ ရွှေလုပ်သားများက ပြောကြားခဲ့သည်။

The Voice Weekly