အရက်၊ ဘီယာတင်သွင်းခွင့် မူဝါဒ ဟန်ချက်ညီရန် လုပ်ဆောင်နေရ၍ ကြန့်ကြာနေဟုဆို

ပို့စ်တင်ချိန် - 2/03/2014 07:30:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပြည်တွင်း၌ ဝေဖန်ခံနေရသော အငြင်းပွားဖွယ် အရက်ဘီယာ တင်သွင်းခွင့် မူဝါဒများနှင့် ပတ်သက်၍ လက်ရှိတွင် မူဝါဒပိုင်း အရ ပြုပြင်ပြောင်းလဲရန် ပြင်ဆင်နေပြီး ပြည်တွင်း လုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား ဟန်ချက်ညီရန် လုပ်ဆောင် နေရသောကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

အဆိုပါ မူဝါဒတွင် ပြည်ပမှ တင်သွင်းလာသည့် အရက်၊ ဘီယာများ အရည်အသွေး ပြည့်မီရေးနှင့် အရက်၊ ဘီယာများ တင်သွင်းမှုကြောင့် ပြည်တွင်း ထုတ်လုပ်သူများ မထိခိုက်ရေး အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးလျက် ရှိသည်ဟု ၎င်းကဆိုသည်။

“တရားဝင် ခွင့်ပြုတာက လွယ်ပါတယ်။ ဒါကို အကြောင်းပြုပြီး အရည်အသွေး နိမ့်တာတွေ ဝင်လာနိုင်တယ်။ ဒါကိုဘာနဲ့ စစ်မလဲ ဆိုတာမျိုး။ ပြီးတော့ ဘယ်အမျိုးအစားတွေကို တင်သွင်းခွင့် ပေးရမလဲ။ အရက်၊ ဘီယာကို Alcohol ပါဝင်မှုအပေါ် မူတည်ပြီး တရားဝင် တင်သွင်းခွင့်ပေးမလား။ အခွန်ဘယ်လောက် ကောက်မလဲ။ ဒါတွေကို စဉ်းစားနေရလို့ပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကမူ လက်ရှိ ဘဏ္ဍာနှစ်အတွင်း အရက်၊ ဘီယာ၊ ဝိုင် တရားဝင် တင်သွင်းခွင့် မူဝါဒမှာ ပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

အရက်၊ ဘီယာ တင်သွင်းခွင့်ပြုပြီး အခွန်နှုန်းထားများ မြင့်မား လွန်းပါက မှောင်ခို ဝင်ရောက်မှုကို အားပေးရာရောက်မည် ဖြစ်ကြောင်း၊ တရားဝင် လိုင်စင်ရရှိသူများက အရေအတွက် ပိုမိုသယ်ဆောင်ခြင်းများလည်း ရှိလာနိုင်ခြင်းကြောင့် လုပ်ငန်းရှင်များနှင့် တစ်ကြိမ် ဆွေးနွေးထားပြီး ထပ်မံဆွေးနွေးရန် ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။

ဈေးကွက်အတွင်း ရောက်ရှိနေသည့် အရက်၊ ဘီယာများနှင့် ပတ်သက်၍မူ တရားဝင် ကြေညာခိုင်းပြီး ဒဏ်ကြေးများ ဆောင်ခိုင်းရန် ကနဦး စီစဉ်ထားရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက စီးတီးမတ်လက်လီ အရောင်းဆိုင်များသို့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်များ တင်သွင်းနေသည့် Premium Food Services Products ပိုင် ဂိုဒေါင် တစ်ခုတွင် တရားမဝင် အရက်၊ ဘီယာ၊ ဝိုင်များ တွေ့ရှိပြီးနောက် အရက်၊ ဘီယာ၊ ၀ိုင်များတင်သွင်းခွင့် မူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြန်လည် သုံးသပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း အကောက်ခွန် ဦးစီးဌာနက အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းခွင့်အတွက် အခွန် ၆၅ ရာခိုင်နှုန်း ကောက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

The Voice Weekly