အမြန်လမ်းတွင် ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်မှောက် ခြောက်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 2/10/2014 12:09:00 AM

တိမ်းမှောက်သွားသော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ခရီးသည် ၄၄ ဦး လိုက်ပါလာသည့် ကားမှောက်ပြီး အဘိုးအိုတစ်ဦး အပါအ၀င် ခရီးသည် ခြောက်ဦး  ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၁၂/၂၁၃) ကြားတွင် ဖေဖော်ဝါရီ ၅ ရက် နေ့လယ်က ရန်ကုန်-မန္တလေးပြေးဆွဲသည့် အရိန္ဒမာ ခရီးသည်တင်ယာဉ်မှောက်ခြင်းဖြစ်ကြောင်း ပန်းတင်အမြန်လမ်းရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

““အရှိန်လွန်ပြီး မှောက်တာပါ။ ကံကောင်းတာက ခရီးသည်တွေ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဘူး။ ယာဉ်မောင်းကိုတော့ အရေးယူထားပါတယ်”” ဟု အဆိုပါရဲအရာရှိကဆိုသည်။

ဒဏ်ရာရခဲ့သူအားလုံးမှာ စိုးရိမ်စရာမရှိတော့ဘဲ ယာဉ်မောင်း စည်သူဝင်းဆိုသူကို ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် ပန်းတင်အမြန်လမ်းရဲစခန်းတွင် အရေးယူထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ ရရှိသော စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၃ ဇန်န၀ါရီမှ သြဂုတ်လအထိ နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုအရေအတွက် (၁၈၀) ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၄၈၄ ဦး ရှိခဲ့ကြောင်း သတင်းရရှိသည်။

Author: အောင်သစ်လွင်
7day Daily