ရဲနှင့် စစ်တပ် ပါဝင်ပတ်သက်နေသည့် အမှုနှစ်ခု တရားခံဖော်ထုတ်ပေးရေး အစိုးရအဖွဲ့ထံ ကင်တားနား တောင်းဆိုမည်

ပို့စ်တင်ချိန် - 2/18/2014 08:46:00 PM


ရေခဲ(ပြည်)|ဖေဖော်ဝါရီ ၁၈ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်မြို့ န၀ဒေးတံတားအောက်လူသတ်မှုနှင့် ပန်းတောင်းအချုပ်ခန်းအတွင်း အချုပ်သားသေဆုံးမှုတို့နှင့် ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေး၊ နစ်နာသူများကို ပြန်လည်ကုစားခွင့်ရရှိရေး အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက အစိုးရအဖွဲ့ထံ တိုက်တွန်း တောင်းဆိုမည်ဟု ကင်တားနားနှင့် သွားရောက် တွေ့ဆုံခဲ့သူများက ပြော သည်။

န၀ဒေးတံတားအောက် လူသတ်မှုတွင် သေဆုံးခဲ့သူ ဇော်မင်းဦး၏ အစ်မနှင့် အစ်ကိုအပါအ၀င် ပန်း တောင်းမြို့နယ် အချုပ်ခန်းအတွင်း သေဆုံးခဲ့ရသူ ဆလိုင်းသန်းထွန်း၏ဇနီး မမြင့်ဌေးတို့နှင့် လူ့အခွင့်အ ရေး တက်ကြွလှုပ်ရှားသူ ကိုမင်းမင်းတို့အဖွဲ့သည် မစ္စတာကင်တားနားနှင့် ရန်ကုန်မြို့ ကုလသမဂ္ဂရုံး တွင် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ဆုံအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိသားစုတွေတင်ပြတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ နေပြည်တော်မှာ အစိုးရအဖွဲ့နဲ့တွေ့ဆုံ ပြီး အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေး၊ ကုစားခွင့် ပြန်လည်ရရှိရေးတို့အတွက် အကြံပြု တိုက်တွန်းတောင်းဆိုတာမျိုးတွေ ပြုလုပ်သွားမယ်လို့ ကင်တားနားက ပြောပါတယ်”ဟု ကိုမင်းမင်းက ဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ လာမည့်မတ်လတွင် ထုတ်ပြန်မည့် လူ့အခွင့် အရေး အစီအရင်ခံစာတွင်လည်း အဆိုပါအကြောင်းအရာကိစ္စများကို ထည့်သွင်းဖော်ပြသွားမည်ဟု မစ္စ- တာကင်တားနားက ပြောဆိုထားကြောင်း ကိုမင်းမင်းက ပြောသည်။

ကိုဇော်မင်းဦး၏ အစ်မဖြစ်သူ မသီတာဦးကလည်း “ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို မေးတယ်။ အစိုးရကို အကြံပြုမယ်၊ တိုက်တွန်းမယ်၊ တောင်းဆိုမယ်လို့ မစ္စတာကင်တားနားတို့ကတော့ ပြောတယ်။ မောင်လေးဆုံးတာ တစ်နှစ်တောင် ပြည့်တော့မယ်။ အမှုမှန်ကို အမြန်ဆုံး ပေါ်ပေါက်စေချင် ပြီ”ဟု ပြောသည်။

၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ည ၉ နာရီခွဲအချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစားစုံတွဲနှစ်ဦးကို အကြမ်းဖက်သမားသုံးဦးက အကြမ်းဖက်လုယက် လူသတ်မှု တစ်ခု ကျူးလွန်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများလက်ချက်ဖြင့် ကိုဇော်မင်းဦးသေဆုံး ခဲ့ရပြီး ၎င်း၏ချစ်သူ မ----သည်လည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည်။ မ----က သေချင်ဟန်ဆောင် နေစဉ် သူမ၏လက်စွပ်ကို အကြမ်းဖက်သမားများက ချွတ်ယူသွားခဲ့သည်။

အကြမ်းဖက်လုယက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးအချိန်တွင် တံတားအလွန် သောင်ပြင်နှင့်တစ်ဆက် တည်း ကမ်းပါးယံကိုင်းတောထဲတွင် ပုန်းခိုနေသူသုံးဦးကို ရပ်ကွက်နေပြည်သူလူထုမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ ရာ နှစ်ဦးကို လက်ရဖမ်းဆီးမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးရမိသူများ သည် ခလရ(၇၅)တပ်မှ တပ်မတော်သားများဖြစ်သဖြင့် စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်းအချုပ်၌ထား ရှိကာ ယခုအချိန်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ရှိနေသည်။

ထို့အတူ ပန်းတောင်းမြို့နယ် ဒန့်တလွန်အုပ်စု၊ ကြာအင်းရွာနေ ဆလိုင်းသန်းထွန်းကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၃၂၆ အရ ဖမ်းဆီးခဲ့ပြီး လေးရက်အကြာ မေ ၂၃ ရက်တွင် အချုပ်ခန်းအတွင်း ခန္ဓာကိုယ်အနှံ့ ဒဏ် ရာဒဏ်ချက်များစွာဖြင့် သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးခဲ့ခြင်းသည် ရဲကရိုက်က်၍ သေဆုံးခြင်းဟု ထင် မြင်ယူဆသဖြင့် သေသူ၏ဇနီး ဒေါ်မြင့်အေးက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်း များ ပြုလုပ်ထားပြီးဖြစ်သည်။

တရားရင်ဆိုင်ရာတွင် ပန်းတောင်းတရားရုံးနှင့် ပြည်ခရိုင်တရားရုံးက ထိုအမှုကို ပလပ်လိုက်သော်လည်း ပဲခူးတိုင်းတရားလွှတ်တော်က ပန်းတောင်းတရားရုံး၏ ဓမ္မတာအတိုင်း သေဆုံးရခြင်းဖြစ်သည်ဆိုသည့် အမိန့်ကို ပယ်ဖျက်ခဲ့သည်။ ထိုအမှုနှင့်ပတ်သက်၍ အာရှလူ့အခွင့်ရေးကော်မရှင် (AHRC)က အရေးပေါ် ပန်ကြားချက်ကို ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအချုပ်သားသေဆုံးမှုတွင် ပန်းတောင်းစခန်းမှူးကို ဆေးရုံပို့ နောက်ကျသဖြင့် ရဲစည်းကမ်းဥပဒေအရ ရာထူးတစ်ဆင့်ချ ပြစ်ဒဏ်ပေးထားသော်လည်း တရားခံကိုမူ ယခုအချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပေ။

Mizzima Burmese