ရဟန်းတော်များ နိုင်ငံရေး လုပ်ကောင်းပါသလား

ပို့စ်တင်ချိန် - 2/17/2014 08:09:00 PM


Written by  မိုးသု- မန္တလေး
ရဟန်းတော်များ နိုင်ငံရေး လုပ်ကောင်းသလားဆိုရင် ငယ်လတ်ကြီးမှာ ဝိနည်းကို ဟုတ်တိပတ်တိ သင်ယူခဲ့ဖူးသူတိုင်း၊ ဓမ္မာ စရိယတန်း သီလက္ခန် သင်ဖူးတဲ့သူတိုင်း မလုပ်ကောင်းဘူးဆိုတဲ့ အဖြေကို သိကြမှာပါ။ နို့ပေမယ့် ဘုရားရှင်တောင် လုပ်သေးတာပဲ ဆိုပြီး မြစ်ရေ လုပွဲကို အကြောင်းပြုပြီး စစ်ပွဲဖြစ်လို့ ဘုရားရှင် သွားတရား ဟောတာတွေ၊ ဝိဋဋူဘက သာကီဝင် မင်းတွေ သွားစစ်ထိုးတော့ ဘုရားရှင်က တားမြစ်တာတွေကို ထုတ်ပြပြီး လုပ်ကောင်းသယောင် ပြောကြဆိုကြ ရေးကြ ဟောကြ ပြန်ပါတယ်။

ရောဟိနီ မြစ်ရေကို သူ့နိုင်ငံကပဲ အသုံးပြုသင့်တယ်၊ ငါ့နိုင်ငံကပဲ အသုံးပြုသင့်တယ် ဆိုပြီး ငြင်းခုံရာကနေ နှစ်နိုင်ငံ စစ်တိုက်မယ့်အထိ ဖြစ်သွားခဲ့ပါတယ်။ ရောဟိနီ မြစ်ကမ်းမှာ နှစ်နိုင်ငံ စစ်ဖြစ်လုဆဲဆဲ အချိန်မှာ ဘုရားရှင်က ကြွလာပြီး ခိုက်ရန် ဖြစ်ခြင်းရဲ့ အပြစ်၊ ညီညွတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပဲ ဟောကြားတော် မူခဲ့ပါတယ်။ ဒါလည်း စစ်ပွဲဖြစ်မှာ မဖြစ်မှာထက် စစ်တိုက်မယ့် နှစ်နိုင်ငံက မင်းသား ငါးရာဟာ ရဟန္တာဖြစ်မယ့် သူတွေမို့ စစ်ပွဲထဲအထိ ကြွပြီး ညီညွတ်ရေးတရား ဟောကြားတော် မူတာပါ။ မဟုတ်ရင် ဘုရားရှင် မကြွပါဘူး။ ကောသလမင်းနဲ့ အဇာတသတ်မင်းတို့ တခြိမ်းခြိမ်း စစ်တိုက်နေကြတာပါပဲ။ ဘုရားရှင် စစ်ပွဲထဲ သွားပြီး တစ်ခါမှ တရားမဟောပါဘူး။

တစ်ခါ ဝိဋဋူဘကနေ ဘုရားရှင်ရဲ့ တိုင်းပြည်ဖြစ်တဲ့ ကပိလဝတ်ကို စစ်ထိုးသွားရာမှာ ဘုရားရှင်က ကပိလဝတ် နယ်နိမိတ်ထဲမှာရှိတဲ့ အရိပ် ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ ဆီးပင်လေး အောက်မှာ သီတင်းသုံးနေတဲ့ ဘုရားရှင်ကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဘုရားရှင်ဆီ သွားပြီး သူစိုးမိုး အုပ်ချုပ်ရာ မဂဓတိုင်း နယ်နိမိတ်ထဲမှာ ပေါက်နေတဲ့ နေပြောက် မထိုးနိုင်အောင် အရိပ် ဝေဖြာနေသော ညောင်ပင်အောက်မှာ သီတင်းသုံးဖို့ လျှောက်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က “ဆွေမျိုးအရိပ်က အေးချမ်းတယ်” လို့ ပြန်ပြောပါတယ်။ ဒီစကားအပြင် အခြား ဘာစကားကိုမှ ဘုရားရှင် လုံးဝ မပြောခဲ့ပါဘူး။ စောင်းပါးရိပ်ချေ သဘောနဲ့ စစ်ဖြစ်ခြင်းရဲ့ ဆိုးကျိုး တရားတွေတောင် ဘုရားရှင် မဟောခဲ့ပါဘူး။ ဝိဋဋူဘ သူ့ဟာသူ သဘောပေါက်ပြီး စစ်ချီလာတာကို ပြန်သိမ်းသွားခဲ့တာပါ။

ကောသလမင်းကြီးက ဘုရားရှင်နဲ့ အမျိုး တော်ချင်တာကြောင့် ကပိလဝတ်က သာကီဝင် မင်းတွေဆီကို သာကီဝင် မင်းသမီး တစ်ယောက် သူ့ကို မိဖုရားအဖြစ် ပေးဖို့ လှမ်းတောင်းပါတယ်။ ဒါကို ဘုရားရှင်က သာကီဝင် မင်းတွေဆိုတာ အခြားဆွေမျိုး မတော်သူတွေနဲ့ အိမ်ထောင်မပြု ရတာကြောင့် ဒကာတော် မင်းကြီး မတောင်းယူပါနဲ့ စသဖြင့် ဝင်ရောက် စွက်ဖက်တာမျိုး မရှိခဲ့ပါဘူး။ ကပိလဝတ်က သာကီဝင်မင်းတွေ ကောသလ မင်းကြီးရဲ့ တောင်းဆိုမှုကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အချိန်မှာလည်း ဘယ်လို လုပ်လိုက်ဆိုပြီး ဝင်ရောက် ပြောဆိုတာမျိုး ဘုရားရှင် လုံးဝ မလုပ်ခဲ့ပါဘူး။

သာကီဝင် မင်းသမီး မပေးရင် စစ်တိုက်ရတော့မှာမို့ သာကီဝင်မဟာ နာမ်မင်းကြီးက သူနဲ့ ကိုယ်လုပ်တော်နဲ့ ရထားတဲ့ ဝါသဘခတ္တိယ ဆိုတဲ့ မိန်းမပျိုလေးကို ပေးလိုက်ပါတယ်။ ကောသလ မင်းကြီးဟာ ဝါသဘခတ္တိယကို သာကီဝင် မင်းသမီး အထင်နဲ့ မိဖုရားကြီး မြှောက်ပါတယ်။ သူနဲ့ ဝါသဘခတ္တိယ မိဖုရားကြီးနဲ့ ရတဲ့ ဝိဋဋူဘကို အိမ်ရှေ့မင်းအရာ ပေးပါတယ်။ နောင်တစ်ချိန်မှာ ဝါသဘခတ္တိယဟာ သာကီဝင် မင်းသမီး မဟုတ်ဘူးဆိုတာ သိသွားတော့ ကောသလ မင်းကြီးက မိဖုရားကြီး အရာက ချပါတယ်။ ဝိဋဋူဘကိုလည်း အိမ်ရှေ့မင်းအရာက ရုပ်သိမ်းပါတယ်။

ဘုရားရှင်က နန်းတွင်း ဆွမ်းစားကြွတော့ ဝါသဘခတ္တိယ မိဖုရားကြီး မမြင်လို့ မေးတော့ ဒီလို ဒီအကြောင်းကြောင့် မိဖုရားကြီးအရာကနေ ချထားကြောင်း လျှောက်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က “မွေးလာတဲ့ ကလေးဟာ အဖေက အဓိက ပြဋ္ဌာန်းကြောင်း၊ ဝါသဘခတ္တိယဟာ သာကီဝင် မဟာနာမ် မင်းကြီးရဲ့ သမီးရင်း ဖြစ်တာမို့ အမေဖြစ်သူက သာကီဝင် မဟုတ်ပေမယ့် သာကီဝင် မင်းသမီး ဖြစ်ကြောင်း” ရှင်းပြပါတယ်။ ဝါသဘခတ္တိယကို မိဖုရားကြီး အရာချတာနဲ့ ပတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကို မပြောသလို မိဖုရားကြီးအရာကို ပြန်ပေးဖို့လည်း တစ်ခွန်းမှ မပြောခဲ့ပါဘူး။

ဗန္ဓုလ စစ်သူကြီးရဲ့တူကို ဗန္ဓုလ စစ်သူကြီး သေလို့ စစ်သူကြီးရာထူး ပေးစဉ်မှာလည်း “မင်းကြီးကို တစ်ချိန်ကျရင် ဘုရင် ရာထူးက ဖြုတ်ချမယ့်သူ ဖြစ်တယ်။ ဒါကြောင့် စစ်သူကြီးရာထူး မခန့်နဲ့” လို့ ဝင်ရောက် တားမြစ်တာမျိုး မရှိခဲ့ပါဘူး။ တစ်ချိန်ကျရင် ဝိဋဋူဘဟာ သာကီဝင် မင်းတွေကို လူမျိုးတုံး သတ်ဖြတ်မယ် ဆိုတာလည်း ဘုရားရှင် ကြိုသိပါတယ်။ ဒါပေမဲ့ ဝိဋဋူဘကို အိမ်ရှေ့မင်း ရာထူးပေးတော့ မပေးဖို့ ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ခဲ့ပါဘူး။

ဘုရားရှင်ဟာ ဘုရင်ကိုပဲဖြစ်ဖြစ်၊ ဝန်ကြီး စစ်သူကြီးကိုပဲ ဖြစ်ဖြစ်၊ လမ်းဘေးက ဖုန်းတောင်းယာ စကာကိုပဲဖြစ်ဖြစ် အကြောင်း တိုက်ဆိုင်တိုင်း ဆုံးမစရာ ကြုံတိုင်း ဆုံးမပါတယ်။ ဒါပေမဲ့ ဆုံးမတဲ့ စကားဟာ  ဓမ္မကနေပဲ ဖြစ်ဖြစ်၊ ကျင့်ဝတ် စည်းမျဉ်းကနေပဲ ဖြစ်ဖြစ် သွေဖည်သွားခြင်း လုံးဝ မရှိခဲ့ပါဘူး။ ငါ့အမျိုး ရင်းချာတွေ ဆိုပြီး ဓမ္မကို သွေဖည်ပြီး အမျိုးဘက်က ပါခဲ့တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ ဘုရားရှင်ဟာ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း သမာသမတ် ကျကျပဲ ရပ်တည်ခဲ့တာပါ။ ဘုရားရှင်ကို နိုင်ငံရေး လုပ်တယ်လို့ ပြောဆိုသူတွေ အနေနဲ့ မိမိတို့ လက်ညှိုး ထိုးပြနေတဲ့ သမိုင်းတွေကို သေချာ ပြန်လည် သုံးသပ် သင့်ပါတယ်။ ကျင့်ဝတ်နဲ့ မသွေဖည်တဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်တာကို နိုင်ငံရေး လုပ်တယ်လို့ သတ်မှတ်တာဆိုရင်တော့ မပြောတတ်တော့ပါဘူး။

ရာဇကထာ- မင်းအစိုးရကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊ မဟာမတ္တကထာ- အမတ်ကြီး ဝန်ကြီးများ၏ ကောင်းကြောင်း မကောင်းကြောင်း။ သေနာကထာ-  စစ်တပ်၏ အရည်အချင်း ရှိကြောင်း မရှိကြောင်းကို ရဟန်းတော်တွေ မပြောဆိုရဘူးလို့ အတိအလင်း ဟောကြားခဲ့ပါတယ်။

အကယ်၍ မဖြစ်မနေ ပြောဖို့ အကြောင်း ဖန်လာခဲ့ရင်တောင် ကျင့်ဝတ်ကို သွေဖည်ပြီး တိုင်းပြည်ကို မအုပ်ချုပ်ဖို့၊ ကျင့်ဝတ်ကို သွေဖည်ပြီး အုပ်ချုပ်ရင် သံသရာ ခရီးအတွက် မကောင်းဘူး စသဖြင့် တရားနဲ့ ယှဉ်စပ်ပြီး ပြောကြားရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး ဓမ္မမပါဘဲ အသားလွတ်ကြီး မပြောရပါဘူး။ ဘုရားရှင်ဟာ ကျင့်ဝတ်ကနေ၊ ဓမ္မကနေ သွေဖည်ပြီး နိုင်ငံရေးလုပ်လည်း မလုပ်ခဲ့သလို ပြောလည်း မပြောခဲ့ပါဘူး။ ရဟန်းတော်တွေနဲ့လည်း ကျင့်ဝတ်ကနေ၊ ဓမ္မ လမ်းကြောင်းကနေ သွေဖည်ပြီး ဟိုပါတီကို ထောက်ခံတယ် ဒီပါတီကို မထောက်ခံဘူး စသဖြင့် လုံးဝ နိုင်ငံရေး မလုပ်ကောင်းပါဘူး။

တစ်ခါတုန်းက ရန်သူ စစ်တပ်တွေကို သွားရောက် နှိမ်နင်းဖို့ရာ ကောသလ မင်းကြီးဟာ မိမိ စစ်တပ်ကြီးနဲ့အတူ နန်းတော်ကနေ စစ်ချီလာတာကို ဆဗ္ဗဂ္ဂီ ရဟန်းတွေက သွားကြည့်ကြပါတယ်။ ရဟန်းတွေ လာကြည့်ကြတာကို မြင်ရတဲ့ ကောလသ မင်းကြီးက ခေတ္တရပ်ပြီး အမတ်တစ်ဦးကို ရဟန်းတွေ သွားပင့်ခိုင်းပါတယ်။ ရဟန်းတွေ ရောက်လာတဲ့အခါမှာ “ဘာလာလုပ်ကြတာပါတုံး” လို့ မေးပါတယ်။ “မဟာရာဇာကို လာကြည့်တာပါ” လို့ ပြန်ဖြေတဲ့အခါမှာ “ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ= စစ်တိုက်မှုကို လွန်စွာ နှစ်သက်သော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဘုရား။ နနု ဘဂဝါ ပဿိတဗ္ဗာ= ဘုရားရှင်ကို ဖူးမြင်ပြီး နေထိုက်သည် မဟုတ်ပါလော” လို့ ပြောလွှတ်လိုက်ပါတယ်။ ဒီအခါမှာ စစ်သားတွေကလည်း ရဟန်းတွေ ဖြစ်ပြီး စစ်ချီတာကို ကြည့်ရကောင်းလား ဆိုပြီး ကဲ့ရဲ့ကြပါတယ်။

ဒါကို ကြားသိရတဲ့ ဘုရားရှင်က “ဆွေမျိုး စစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိဘဲ တိုက်ဖို့ရန် ထွက်လာသော စစ်တပ်ကို ကြည့်ရှုဖို့ရန် သွားသော ရဟန်းမှာပါ စိတ်အာပါတ်သင့်၏” လို့ သိက္ခာပုဒ် ပညတ်တော် မူခဲ့ပါတယ်။

သာဝတ္ထိမြို့သား ဆဗ္ဗဂ္ဂီ ရဟန်းရဲ့ ဆွေမျိုးတော်တဲ့ စစ်သားတွေ မကျန်းမမာ ဖြစ်တာကြောင့်၊ စစ်တပ်ထဲကိုလာဖို့ ပင့်ဖိတ်တာကြောင့် ဆဗ္ဗဂ္ဂီ ရဟန်းတွေဟာ စစ်တပ်ထဲကို သွားရောက် တွေ့ဆုံကြပါတယ်။ ပြီးတော့ စစ်တပ်ထဲမှာ လေးငါးခြောက်ရက် နေထိုင်ကြပါတယ်။ ဒါကို တခြား စစ်သားတွေက “ငါတို့မှာ ဝမ်းရေးအတွက် သားကျွေးမှု မယားကျွေးမှု အတွက်ကြောင့် စစ်တပ်မှာ နေကြရတယ်။ ငါတို့မှာ လူ့ဘဝအရ မတော်ကုန်။ ငါတို့မှာ လူဖြစ်ရကျိုး မနပ်ကုန်။ ရဟန်းတော်တွေကား ဒီအပူတွေ မရှိဘဲနဲ့ ဘာကြောင့် စစ်တပ်ထဲမှာ နေကြရတာလဲ” ဆိုပြီး ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့ စကားကို ပြန်ကြားရတဲ့ ဘုရားရှင်က “အကြောင်း ကိစ္စရှိလို့ စစ်တပ်ထဲ သွားခဲ့ရင် သုံးရက် သုံးညထက် ပိုမနေရ၊ နေရင်ပါ စိတ်အာပါတ်သင့်၏” လို့ သိက္ခာပုဒ် ပညတ်တော် မူခဲ့ပါတယ်။ အခုကာလမှာ ရဟန်းတချို့ နိုင်ငံရေး လုပ်နေတာကို လူတွေ မကြိုက်နှစ်သက် တာကြောင့် ကဲ့ရဲ့အတင်းဆို နေကြပါတယ်။ အကယ်၍ ဘုရားရှင် သက်တော် ထင်ရှား ရှိနေခဲ့ဦးမယ်ဆိုရင် ဒီအဖြစ်အပျက်တွေကို ထောက်ဆပြီးတော့ နိုင်ငံရေး မလုပ်ဖို့ သိက္ခာပုဒ် ပညတ်မယ်ဆိုတာ သေချာသလောက် ရှိပါတယ်။

တကယ်တော့ ဘုရားရှင်ရဲ့တပည့်သားဖြစ်တဲ့ ရဟန်း သံဃာဆိုတာ ဘုရားရှင်နည်းတူ ဆိုဆုံးမ၍ လမ်းမှန် ပြသသူသာ ဖြစ်ပါတယ်။ ဆိုဆုံးမ၍ လမ်းမှန် ပြတဲ့အခါမှာလည်း ဓမ္မလမ်းကြောင်းကနေ၊ ကျင့်ဝတ်ကနေ သွေဖည်ပြီး ဆိုဆုံးမခြင်းကို မပြုလုပ်ရပါဘူး။ ဓမ္မ လမ်းကြောင်းပေါ်ကနေပဲ ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ ဆိုဆုံးမရမယ်။  ဘုရားရှင်ဟာ ဆူပူနေတဲ့ အရာတွေကို ငြိမ်းအေးအောင် ဓမ္မနဲ့ ပြုလုပ်ခဲ့တာပါ။ ရဟန်းတော်တွေ အနေနဲ့လည်း ဆူပူနေတဲ့ လောကကြီးကို ဆူသထက်ဆူ ပူသထက်ပူအောင် မီးလောင်ရာ လေပင့် မလုပ်သင့်ပါဘူး။ မလုပ်ကောင်းပါဘူး။ ဓမ္မနဲ့အညီသာ ငြိမ်းအေးအောင် ပြုလုပ်ရကြရမှာပါ။

ရဟန်း သံဃာဆိုတာ အစိုးရအပေါ်မှာ ဖြစ်ဖြစ်၊ အတိုက်အခံအပေါ်မှာပဲ ဖြစ်ဖြစ် ကျောသားရင်သား မခွဲခြားဘဲ သာတူညီမျှ စိတ်နေသဘောထားနဲ့ ပြောဆို ဆက်ဆံကြရမှာပါ။ အကယ်၍ ဒီဝတ္ထု သာဓက ထောက်ပြီး ဘုရားရှင် နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာ မှန်ခဲ့ရင်တောင် အခုမိမိတို့ လုပ်နေတဲ့ နိုင်ငံရေးနဲ့  ဘုရားရှင် လုပ်ခဲ့တဲ့ နိုင်ငံရေးက တူညီရဲ့လား၊ ဘာတွေ ကွာခြားနေလဲဆိုတာ နဖူးပေါ် လက်တင်ပြီး အေးဆေးဆေးဆေး စဉ်းစားပါလို့ တိုက်တွန်းပါတယ်။ အကယ်၍ ကိုယ်က ဝါသနာပါလွန်းလို့ မလုပ်ရမနေနိုင်လို့ နိုင်ငံရေး လုပ်နေတာ ဆိုရင်တောင် “နိုင်ငံရေး မလုပ်ကောင်းဘူးဆိုတာ သိနေပါရဲ့နဲ့ ဘုရားရှင် တရားတော်ကို ပြောင်းပြန်လုပ်ပြီး နိုင်ငံရေး လုပ်ကောင်းတယ်” လို့ မပြောဆို သင့်ပါဘူး။ အဲဒီလို ပြောဆိုတဲ့သူတွေဟာ အင်္ဂုတ္တိုရ် ပါဠိတော် ဒုကနိပါတ် အဗ္ဘာစိက္ခန သုတ်တော်အရ ဘုရားရှင်ကို မဟုတ်မမှန် မတရား စွပ်စွဲသူတွေသာ ဖြစ်ပါတယ်။ ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲသူတွေဟာ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘဝတွေမှာ ချမ်းသာခြင်းမှ ကင်းဆိတ်ရမယ် ဆိုတာကို သတိပြုမိ စေချင်ပါတယ်။

thevoicemyanmar