နိုင်ငံရပ်ခြား လမ်းဖြတ်ကူးနည်းများ

ပို့စ်တင်ချိန် - 2/08/2014 09:40:00 AM




တရုတ်ပြည်နည်း

တရုတ်ပြည်မှာ လမ်းဖြတ်ကူးသူတွေဟာ မီးပွိုင့်အချက်ပြမီးကို ဂရုမစိုက်ဘဲ လူတစ်စုစုမိတာနဲ့ လမ်းဖြတ်ကူးပါတော့တယ်။ ဒီလိုမြင်ကွင်းမျိုးကို တရုတ်ပြည်မှာ မကြာခဏမြင်တွေ့ရပြီးနောက် လူအများရဲ့ဝေဖန်ဆွေးနွေးမှုအမျိုးမျိုးကို ကြားခဲ့ရပါတယ်။ တခြားတိုင်းပြည်ကရော ဘယ်လိုလမ်းဖြတ်ကူးကြသလဲ.. ကျွန်တော်တို့ကြည့်ကြရအောင်...

ကိုးရီးယားနည်း

ကိုးရီးယားမြို့တော် ဆိုးလ်မြို့မှာ ကားအမြဲပိတ်ကျပ်တဲ့နေရာက မြို့တော်ခန်းမတစ်ဝိုက်မှာဖြစ်ပါတယ်။ အဲဒီနေရာမှာ ယာဉ်ထိန်းရဲတွေ စည်းကမ်းတကျစောင့်ကျပ်တဲ့အပြင် အချက်ပြမီးပွိုင့်တွေလည်း အများအပြားတပ်ဆင်ထားပါတယ်။ အဲဒီနေရာမှာ လူအများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြပါတယ်။ လူ ၁ဝယောက်၊ အယောက် ၂ဝစုမိရင်လည်း မီးစိမ်းကိုပဲ စောင့်ဆိုင်းကြပါတယ်။ မီးနီချိန် လမ်းဖြတ်ကူးသူကိုတွေ့ရခဲပါတယ်။

ဒါပေမယ့် ကိုးရီးယားလူမျိုးတိုင်း လမ်းစည်းကမ်းကို လိုက်နာကြတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကို ဟိုးဟိုးကျော်သွားခဲ့တဲ့ Gangnam style သီချင်းထဲမှာ Gangnamရပ်ကွက်အကြောင်းပါပါတယ်။ Gangnamရပ်ကွက်က ဆိုးလ်မြို့ရဲ့အရေးပါတဲ့ စီးပွားရေးဇုံဖြစ်တယ်။ ကိုးရီးယားလူမျိုးရဲ့အမြင်မှာ ဒီရပ်ကွက်ဟာ လူကုံထံတွေနေတဲ့နေရာဖြစ်ပြီး “ဖက်ရှင်”နဲ့“ချမ်းသာကြွယ်ဝမှု”ရဲ့ သင်္ကေတဖြစ်တယ်။ Gangnamရပ်ကွက်မှာရှိတဲ့ ကျဉ်းမြောင်းတဲ့လမ်းနှစ်လမ်းပေါ်မှာ နိုးနိုးကြားကြားသတိရှိရှိနဲ့ လမ်းဖြတ်ကူးနေကြတဲ့၊ ကားသွားကားလာကို အာရုံစူးစိုက်ပြီး ရှောင်တိမ်းနေကြသူတွေကို ကျွန်တော်တို့တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ လမ်းဖြတ်ကူးသူတွေဟာ သွက်လက်မြန်ဆန်ပြီး သိုင်းကားထဲက “ကိုယ်ဖော့ပညာ”တတ်တဲ့ သိုင်းသမားတွေနဲ့ တူပါတယ်။ ရှေ့မီတာ၁ဝဝအကွာအဝေးလောက်မှာ လူကူးမျဉ်းကြားရှိပေမယ့် လူတွေဟာ အချိန်ပေးပြီး လူကူးမျဉ်းကြားထိ မလျှောက်ချင်ခဲ့ကြဘူး။ အထူးသဖြင့် ကားအရှိန်ကြိုလျော့ရမယ့်လမ်းပိုင်းမှာ လမ်းကို ကြိုက်သလိုကူးဖြတ်နေသူတွေကို ပိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ကိုးရီးယားနည်းလမ်းဖြတ်ကူးနည်းက လူအုပ်စုတစ်စုရတာနဲ့ လမ်းဖြတ်ကူးတတ်တဲ့ “တရုတ်ပြည်နည်း လမ်းဖြတ်ကူး”နည်းနဲ့ မတူပါဘူး။ ကိုးရီးယားက လူအုပ်စုတစ်စုရဖို့တောင် မစောင့်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်အရ ဒီလို “ကိုးရီးယားနည်း လမ်းဖြတ်ကူး”ပုံက ကိုးရီးယားလူမျိုးတွေရဲ့ ဘာမဆို အမြန်လိုတဲ့ “စိတ်မြန်လက်မြန်”ဆုံးဖြတ်ချက်နဲ့ ဆိုင်ပါတယ်။ တခြားလူထက်ဦးအောင်၊ တခြားလူထက်မြန်အောင် လမ်းဖြတ်ကူးတဲ့လူ အမြဲရှိတာကြောင့် ဒီလိုလမ်းဖြတ်ကူးသူတွေကို မကြာခဏတွေ့ရတာကလည်း မဆန်းတော့ပါဘူး။

*** တခြားနိုင်ငံရဲ့ လမ်းဖြတ်ကူးနည်းအကြောင်းတွေ ကျန်သေးတယ်.. ရေးလို့မပြီးသေးဘူး.. ဘယ်နိုင်ငံနည်းက ကောင်းတယ်ဆိုတာကိုဖတ်ပြီး ကိုယ့်ဟာကိုယ်သုံးသပ်ကြည့်ကြတာပေါ့နော်... နိုင်ငံတိုးတက်ရေးအစ ပြည်သူလူထုရဲ့စည်းကမ်းကဆိုရင် မမှားဘူးထင်တာပဲ....တခြားနိုင်ငံလမ်းဖြတ်ကူးနည်းတွေ ရေးပြီးတာနဲ့ တင်မယ်နော်း)
.
Nine Nine Sanay @ နိုင်းနိုင်းစနေ
.