ငါးလုံးပြူးတစ်လက်၊ ကျည် ၁၂ တောင့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝ ဖမ်းမိ

ပို့စ်တင်ချိန် - 2/09/2014 10:25:00 AM


နိုင်ငံတော်က အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ချမှတ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်အား ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဖမ်းဆီး ဆောင်ရွက်လျက် ရှိရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက် အရ ကျိုက်မရော မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ် ညွှန်ကြားမှုဖြင့် ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးညွန့် ဦးဆောင်သော အဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီမှစ၍ ကော့ပနော ကျေးရွာ အုပ်စု ကော့ဒွန်းကျေးရွာ ရွာလယ်လမ်းမတွင် သက်သေများနှင့် အတူ စောင့်ဆိုင်းနေစဉ် ကော့ဝမ်းရွာနေ ဝင်းနိုင်(၃၉ နှစ်) မောင်းနှင် လာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ WY ပန်းရောင်ဆေးပြား အလုံး ၁၀၀ တန်ဖိုး ခြောက်သိန်း၊ MOD- 361 စာတန်းပါ ငါးလုံးပြူး တစ်လက်၊ ကျည် ၁၂ တောင့်၊ မြန်မာ ငွေကျပ် ၅၅၀၀၀ တို့ကို ဖမ်းဆီးရမိသဖြင့် မြို့မရဲစခန်းက လည်းကောင်း၊ မူးယစ်ဆေး ဝါး ဖြန့်ဖြူး ရောင်းချရာတွင် လက်နက် ခဲယမ်းများ ကိုင်တွယ် ပြစ်မှု ကျူးလွန်သူ ဝင်းနိုင်ကို ကျိုက်မရော မြို့မရဲစခန်းက လက်နက် ဥပဒေ ပုဒ်မအရ လည်းကောင်း ဆက်လက် အရေးယူထားကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ညောင်ပင်ဆိပ် ကျေးရွာ ကရင်ပြည်နယ် ဘားအံ- မော်လမြိုင်သွား ကားလမ်းတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးရာ ဘားအံမှ မော်လမြိုင် ဘက်သို့ မောင်းနှင်လာသော မော်တော် ဆိုင်ကယ် အမှတ် ၁၃ယ/××× ဖြင့် အနက်ရောင် ဂျာကင် ဝတ်ဆင်ထားသည့် စိုးငြိမ်းထွန်း(ခ) အကူး(၃၃ နှစ်) ထံမှ WY ပန်းရောင် ဆေးပြား ခြောက်ပြား၊ သုံးလက်မခွဲခန့်ရှိ ဝါးပိုက်လုံး အသေးတစ်ခု၊ Red Ruby စာတန်းပါ ဆေးလိပ်ဘူးခွံ တစ်ခု၊ ငွေကျပ် ၁၈၀၀၀ တို့ကို ဖမ်းဆီး ရမိသည်။

ဖမ်းဆီးခံရသူ၏ ထွက်ဆိုချက်အရ ကရင်ပြည်နယ် တောကြီးကျေးရွာ ဖအောင်/ ကော့ကျိုက် ကျေးရွာအုပ်စုနေ စောကျော်အောင် (၂၀ နှစ်) နေအိမ်အား ဆက်လက် ရှာဖွေစစ်ဆေး ရာ နေအိမ် အောက်ထပ် ရှိ စောကျော်အောင်၏ အိပ်ခန်းအတွင်း နီမည်းရောင် ဝါးဖာအသေး (ဝါးပလိုင်း) အတွင်းမှ ကော်ဘူး အဖြူအသေးဖြင့် ထည့်ထားသော အနီရောင် အချိုရည်ပိုက် အပိုင်းအစများ အတွင်း၌ ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြားများဟု ယူဆ ရသော ဆေးပြား ၉၆ ပြား၊ အနက် ရောင် သားရေ ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် ၃၈၅၀၀၊ အနီ/ အပြာရောင် အချိုရည် သောက်ပိုက် ၂၈ ချောင်း၊ အမေရိကန်နိုင်ငံလုပ် အမှတ်(၉၁) လက်ပစ်ဗုံး အကြီး တစ်လုံးနှင့် အခြား မူးယစ်ဆေးဝါး ရောင်းချသည့် နေရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာများကို ဖမ်းဆီးရမိသည်။

အမှုကို ကရင်ပြည်နယ် ဇာသပြင် နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ထားသည်။

ထို့အပြင် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ် နယ်မြေရဲစခန်း စခန်းမှူး ဒုတိယရဲမှူး စိုးအောင်၏ စီစဉ် ညွှန်ကြားချက်အရ ဒုတိယ ရဲအုပ်ကျော်ဆန်းနှင့် အဖွဲ့သည် ဇန်နဝါရီလ ပထမပတ် အတွင်း သံဖြူဇရပ်မြို့ စက်သစ် ရပ်နေ ကျော်စိုးမိုး(ခ) သားကြီး (၂၅ နှစ်)၏ အိမ်အဝင် လမ်းဆုံ တွင် ရှောင်တခင် စစ်ဆေးရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ငါးပြား၊ တန်ဖိုး ၃၀၀၀၀၀ ကို ဖမ်းဆီးမိ၍ သံဖြူဇရပ် ရဲစခန်းက မူးယစ်ဆေးဝါး ပုဒ်မအရ အမှုဖွင့် အရေးယူ ထားသည်။

MOI Webportal Myanmar