သစ်ကုလားအုပ်ငယ်ကို သတ်ပြီး ခြင်္သေ့ကျွေးခြင်း

ပို့စ်တင်ချိန် - 2/11/2014 08:51:00 AM


 (အပေါ်ပုံကတော့ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်မှာ တွေ့ရတဲ့ သစ်ကုလားအုပ်တကောင်ပါ။ ဧရာဝတီသတင်းထောက် ဂျေပိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ )
ဒိန်းမတ်နိုင်ငံမှာ လူအများအပြား  ကန့်ကွက်နေတဲ့ကြားက တိရိစ္ဆာန်ရုံထဲက အသက် ၂ နှစ် အရွယ် သစ်ကုလားအုပ်ကို သတ်ပြီး ခြင်္သေ့ ကျွေးလိုက်ပါပြီ။

ဆေးထိုးပြီးကွပ်မျက်ရင် သူ့ရဲ့ရုပ်အလောင်းနဲ့အသား ထိခိုက်သွားနိုင်တဲ့အတွက် သေနတ်နဲ့ပစ်ခဲ့ပါတယ် တဲ့။
တနင်္ဂနွေမနက်မှာ အဲဒီလို ရှင်းလိုက်ပြီး တိရိစ္ဆာန်ရုံက တာဝန်ကျဆရာဝန်က ရုပ်အလောင်းကို လူမြင်ကွင်းမှာ ခွဲစိတ်တယ်၊ ပရိသတ်ထဲ ကလေးလေးတွေလည်း ပါဝင်နေတယ် ဆိုတာကို ဓာတ်ပုံမှတ်တမ်းများမှာ တွေ့ရမှာပါ။

အဲဒီမှာ သစ်ကုလားအုပ် ကောင်ရေများလွန်းတဲ့အတွက် ရှင်းလိုက်ရတာလို့ ဆိုတယ်။
ကောင်ရေထိန်းချုပ်ဖို့ ကိုယ်ဝန်တားဆေးတို့ ဘာတို့ သုံးတယ်လို့ ဆိုတယ်။

အဲဒီတိရိစ္ဆာန်ရုံမှာ သစ်ကုလားအုပ် ၇ ကောင် ကျန်နေပါသေးတယ် တဲ့။

EAZA လို့ ခေါ်တဲ့ ဥရောပတိုက် တိရိစ္ဆာန်ရုံ နဲ့ ငါးပြတိုက်များအသင်းရဲ့ စည်းကမ်းချက်တွေအရ ကောင်ရေထိန်းချုပ်မှု နဲ့ တခြားသော စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ ဆိုတယ်။

အဲဒီ ၂ နှစ်သား သစ်ကုလားအုပ်ကို မရှင်းခင် တိရိစ္ဆာန်ရုံ တချို့က မွေးဖို့ တောင်းတယ်၊
သူ့ကို မသတ်ဖို့ အွန်လိုင်းကနေ လက်မှတ်ထိုးတောင်းဆိုမှု နှစ်သောင်းကျော် ရှိခဲ့တယ်၊
တယောက်က ဆိုရင် အဲဒီကောင်လေးကို ယူရိုငါးသိန်း (ဒေါ်လာ ၇ သိန်း နီးပါး) ဈေးနဲ့ ၀ယ်မယ်လို့တောင်း ကမ်းလှမ်းခဲ့ပါတယ်လို့ သတင်းတွေမှာ ရေးထားကြတာပါ။

တိရိစ္ဆာန်ရုံ ဘက်ကလည်း ပေးဖို့ မဖြစ်နိုင်ပါဘူး၊
EAZA စည်းကမ်းချက်တွေအရ ... တိရိစ္ဆာန်ရုံက အကောင်တွေကို မပိုင်ဘူး၊ အုပ်ချုပ်စီမံတာပဲ လုပ်လို့ရမယ်လို့ ဆိုတယ်။
ပြီးတော့ သူတို့သတ်မှတ်တဲ့အရည်အသွေး မပြည့်တဲ့ တခြား တိရိစ္ဆာန်ရုံတွေကို ပို့လိုက်ဖို့ ပေးလိုက်ဖို့ ဆိုတာကိုလည်း တားမြစ်ထားပါတယ်။
ဒါကြောင့် သူတို့ဆီမှာပဲ ရှင်းလိုက်တယ်ဆိုတဲ့သဘောပေါ့။
ဒါကြောင့် မရောင်းတာပါ တဲ့။

သစ်ကုလားအုပ်တကောင် ခပ်ငယ်ငယ် ကျန်းကျန်းမာမာ ရှိပါလျက်နဲ့ သတ်ဖြတ်ပြီး အသားတချို့ကို ခြင်္သေ့ကျွေး၊ တချို့ သုတေသနလုပ်၊ သူ့ကိုကွပ်မျက်ပြီး ခုတ်ထစ်တာကို ကလေးတွေ အပါအ၀င် အများပြည်သူရှေ့မှာလုပ်တဲ့အကြောင်း ပရိသတ်လည်း စိတ်ဝင်စားမယ် ယူဆလို့ သတင်းတွေ လိုက်ဖတ်ပြီး အခုလို ရေးလိုက်ရတာပါ၊ သူတို့က
ဒီကောင်လေးကို သတ်ရေး မသတ်ရေး ဆိုတာကို နှလုံးသားနဲ့ မဆုံးဖြတ်ဘဲ ချမှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ဆုံးဖြတ်လိုက်ပုံပါပဲ။

သစ်ကုလားအုပ်မို့ ဒီလောက် ကန့်ကွက်ကြတာဖြစ်တယ်၊ ဒီအကောင်မဟုတ်ဘဲ ၀က်တို့ ဘာတို့ ဆိုရင် ဘာမှ ပြောကြမယ် မထင်ဘူးလို့
 အဲဒီ တိရိစ္ဆာန်ရုံရဲ့ ညွှန်မှူးတဦးက ဆိုပါတယ်။

ကောင်ရေထိန်းချုပ်ဖို့ဆိုရင် ကိုယ်ဝန်တားဆေးတို့ ဘာတို့ မတိုက် မထိုးဘူးလား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။
တိရိစ္ဆာန်တွေရဲ့ ကိုယ်ခနာအတွင်းပိုင်းကို ထိခိုက်မှာကို စိုးရိမ်တယ်၊ မိခင်နဲ့သားသမီးအရေး ဆိုတာတွေကိုလည်း အရေးပါတဲ့အစိတ်အပိုင်းအဖြစ် တိရိစ္ဆာန်ရုံက သတ်မှတ်ထားတယ်လို့ ဆိုတယ်။

ဘယ်လိုပဲ ရှင်းလင်းနေသည်ဖြစ်ပါစေ ... တိရိစ္ဆာန်အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေက ကန့်ကွက်နေကြပါတယ်၊ အဲဒီ တိရိစ္ဆာန်ရုံကို မသွားကြနဲ့ ဆိုပြီးတော့တောင် ကြေညာ လှုံ့ဆော်နေပါပြီ။

သူတို့ဆီမှာတော့ ဒါက တကယ့်ကို အငြင်းပွားဖွယ်ဖြစ်ရပ်ပါပဲ။
ဒီအကြောင်းကို နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြနေကြတာ တွေ့ရပါတယ်။



The Irrawaddy