ဒုက္ခသည်များနဲ့ ဒုက္ခသည်အတုများ

ပို့စ်တင်ချိန် - 2/01/2014 04:37:00 PM


  မြန်မာဒုက္ခသည်တွေကို  ခိုလှုံခွင့်ပေးတဲ့အစီအစဉ် ရပ်တော့မယ် လို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာလိုက်ပါပြီ။  

ခိုလှုံခွင့်ရပြီးပေမယ့် ကျန်းမာရေးမကောင်းလို့ ကုသမှု ခံယူနေရတာမျိုး စသဖြင့် အကြောင်းတွေကြောင့် အမေရိကန်ပြည်တွင်းကို မရောက်နိုင်သေးတဲ့သူတွေကိုတော့ ဆက်ပြီး လက်ခံဖွယ်ရှိပါတယ်။

ပြီးတော့ ... စာရင်းပိတ်လိုက်ပြီ ဆိုသော်ငြား စိစစ်ဆဲဒုက္ခသည်တွေ ရှိရင်လည်း အဲဒီ ဒုက္ခသည်က အမေရိကန်သွားရောက်ရေး မျှော်လင့်နိုင်ပါသေးတယ်။

ထိုင်းမြန်မာနယ်စပ် တသိန်းကျော်သော  ဒုက္ခသည်တွေထဲမှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်လိုသူတွေ အများအပြား ရှိနေပါတယ်။ အခု အမေရိကန်ရဲ့ ကြေညာချက်ကြောင့် သူတို့ရဲ့ မျှော်လင့်ချက် မှုန်ဝါးသွားပြီလို့ ဆိုရပါမယ်။

အမေရိကန် ဒုက္ခသည် အစီအစဉ် ရပ်ဆိုင်းမှုဂယက် ကျယ်ပြန့်စွာ ရိုက်ခတ်နေ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ဒုက္ခသည်စခန်းကနေ အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့သောနှစ်များအတွင်းမှာလည်း အများအပြား သွားရောက်ခွင့် ရခဲ့ကြပြီးပါပြီ။

အဲဒီလမ်းကြောင်းအတိုင်း အမေရိကန်မှာ နေထိုင်ဖို့အတွက် ဒုက္ခသည်စခန်းထဲ ရောက်အောင်သွားပြီး
ဒုက္ခသည်အသွင်ယူသူလည်း မနည်းမနောပါပဲ။
ဒုက္ခသည်အတု လို့ ဆိုနိုင်ပါတယ်။ အမေရိကန်တို့ ဘာတို့ ကုလသမဂ္ဂတို့ကလည်း အတုအစစ် ကြိုးစားခွဲခြားကြပါတယ်။ အဲသလို စိစစ်တဲ့ကြားက အသွင်ယူသူတချို့လည်း အမေရိကန်ကို ရောက်သွားကြပါတယ်။

အမေရိကန်မှာ အသွင်ယူတွေ ဘယ်လောက်ရောက်သွားတယ် ဆိုတာကတော့ "ဘုရားသခင်ပဲ သိပါလိမ့်မယ်" လို့ ၀တ္ထုထဲကစကားလုံး ငှားသုံးပြောရမှာပါ။

ဒီလိုဖြစ်ရပ်မျိုးက ကမ္ဘာအနှံ့က ဒုက္ခသည်စခန်းအသီးသီးမှာ အနည်းနဲ့အများ ရှိမယ်လို့လည်း တွေးမိပါတယ်။
အထက်ဖော်ပြပါကာတွန်းကာ ဧရာဝတီဘလော့ အတွက်  ကာတွန်းဆရာ လူကြီးမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။ သူက ဘယ်ဒုက္ခသည်စခန်းကို ရည်ရွယ်ပြီး ရေးဆွဲသလဲ မသိပါ။ခံစားခွင့်တခုခုကို ရချင်လို့ စခန်းဝင်သူ ရှိသလို တခြားသော ရည်ရွယ်ချက်တခုခုနဲ့
ဒုက္ခသည်အသွင်ယူရခြင်းလည်း ရှိပါလိမ့်မယ်။

ဒုက္ခ မရောက်ချင်ကြပေမယ့် လိုအပ်ရင် ဒုက္ခသည် ဖြစ်ချင်ကြတာကတော့ မထူးဘူး၊ သို့သော်လည်း ဆန်းတယ်လို့ ဆိုရမယ် ထင်ပါတယ်။

Irrawaddy ဧရာဝတီ သတင်း