မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု အတွေ့အကြုံ

ပို့စ်တင်ချိန် - 2/05/2014 12:17:00 PM


ဇန်န၀ါရီ ၃၁ ရက် ညနေပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်၊ သစ်တောနှင့်သတ္တုဝန်ကြီး ဌာန တိုင်းဒေသကြီး ၀န်ကြီးဦးသန်းစိုးမြင့်၊ လျှပ်စစ်နှင့်စက်မှုလက်မှု တိုင်းဝန်ကြီး ဦးကျော်မြင့်တို့ စီးနင်း လာသည့် ယာဉ်ရှစ်စီးကို မိုးကုတ်-ပြင်ဦးလွင် ကားလမ်းသစ် မိုင်တိုင် ၂၉ အနီးတွင် လက်ဆွဲမိုင်း၊ လက် နက်ငယ်များဖြင့် အကြမ်းဖက်လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေများအား အဆိုပါခရီးစဉ် တွင် ပါဝင်ခဲ့သူ သစ်တောနှင့်သတ္တုဝန်ကြီးဌာန ၀န်ကြီးဦးသန်းစိုးမြင့်နှင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးတို့ မိုးကုတ်မြို့ကို ဘယ်ကိစ္စနဲ့ သွားရောက်ခဲ့တာပါသလဲ။

မိုးကုတ်မြို့နယ်အတွင်းက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ တစ်နိုင်တစ်ပိုင်လုပ်ကွက်တွေ ချ ထားပေးဖို့၊ လုပ်ကွက်သစ်တွေ ချထားပေးဖို့၊ သက်တမ်းလွန်နေတဲ့ ရွှေလုပ်ကွက်တွေကို စိစစ်ဖို့နဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ပြီးရင် သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်ပြန်လည် စိုက် ပျိုးပေးဖို့အတွက် သွားတာ ဖြစ်ပါတယ်။

သွားရောက်စဉ်မှာ မိုးကုတ်မြို့ ဒေသခံများနဲ့ ပြဿနာများ ရှိခဲ့လား။

မိုးကုတ်ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ သွားတာပဲဖြစ်ပါတယ်။ ပြည်သူ့အကျိုးပြု ကိစ္စအတွက် သွားတာ ဖြစ်ပါတယ်။

အပြန် ဘယ်နေရာမှာ ခုလိုတိုက်ခိုက်ခံခဲ့ရတာလဲဆိုတာ သိချင်ပါတယ်။

နောင်ချိုမြို့နယ်အလွန် ပြင်ဦးလွင်မြို့နယ်ထဲဝင်ဖို့ ၁၅ မိနစ်လောက်အလိုမှာ ဖြစ်ခဲ့တာပါ။ လက်ဆွဲမိုင်း နှစ်လုံးနဲ့ စတင်ပြီး ၀န်ကြီးချုပ်နဲ့ဝန်ကြီးတို့ စီးလာတဲ့ကားဖြစ်တဲ့ လန်ခရူစာအဖြူရောင်ကား စတင်ဖောက် ခွဲခံရပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြင်း ခံရပါတယ်။ ၀န်ကြီးချုပ်နဲ့ အဘကတော့ ကားလေအိတ်ကျ လာတဲ့အတွက် မည်သည့်ဒဏ်ရာမှ မရရှိခဲ့ပါဘူး။ နောက်ကကား ပါရာဒိုကားအနက်ရောင်ကိုလည်း ပစ် ခတ်ခဲ့ပါတယ်။ အဲဒီကားမှာပါဝင်တဲ့ မန္တလေး နေ့စဉ်သတင်းစာတိုက် သတင်းထောက်တစ်ဦး၊ သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထောက်တစ်ဦး၊ ကိုယ်ရေးအရာရှိတစ်ဦး ပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။ ကားရှစ်စီးမှာ စည်ပင်သာယာ၊ ဆောက်လုပ်ရေး၊ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ယာဉ်တန်းရှေ့ဆုံးက ကားနှစ်စီးကို အဓိက တိုက်ခိုက်ကြတာ။

ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဘယ်လိုမျိုး စောင့်ရှောက်ပေးခဲ့လဲ။

တိုက်ခိုက်ခံရတဲ့အချိန်မှာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးစီးလာတဲ့ကားက ဘီးကို မှန်တဲ့အတွက် ဘီးပေါက်သွားပါ တယ်။ ၀န်ကြီးချုပ်က သတ်ကွင်းထဲရောက်နေတာ လွတ်အောင်မောင်းဖို့ ကားမောင်းသူကို ပြောပေမယ့် အဲလိုမျိုးဖြစ်နေတဲ့အချိန်မှာ ၀န်ကြီးချုပ်က ပါဝင်လာတဲ့ ယာဉ်ရှစ်စီးလုံး မပါဝင်ဘဲ ဘယ်မှမသွားဘူးလို့ ပြောပြီး နောက်ကယာဉ်တန်းတွေကို စောင့်ခေါ်ပါတယ်။ လုံခြုံရေးရရှိပြီးတာနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ပြင်ဦးလွင်မြို့နယ် ဆေးရုံကို ၀န်ကြီးချုပ်ကိုယ်တိုင် ပို့ဆောင်ပေးခဲ့ပါတယ်။

တိုက်ခိုက်တာက အကွက်ကျစွာ စီစဉ်တိုက်ခိုက်တယ်လို့ ထင်ပါသလား။

ရည်ရွယ်ချက်ရှိရှိ အသေသတ်ဖို့အတွက် ကြံစည်တာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်တာလည်းဖြစ် ပါတယ်။ လက်ဆွဲမိုင်းအပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တဲ့အတွက် ၀န်ကြီးချုပ် စီးနင်းလာတဲ့ ကားမှာ ကျည်မှန်တဲ့အရာ ၁၅ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

အခုလို တိုက်ခိုက်ခံရတဲ့အပေါ် ၀န်ကြီးအနေနဲ့ ဘယ်လိုထင်ပါသလဲ။

တိုက်ခိုက်သူအနေနဲ့ မူဝါဒချင်းမကိုက်ညီလို့ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ကြတယ်ဆိုရင် လုပ် ကြရင် သဘာဝကျပါတယ်။ ပုဆိုးနဲ့တိုက်ပုံဝတ်ထားတဲ့ ဘာမှမပါတဲ့သူကို ပစ်ခတ်တယ်ဆိုတာကြီးက တော့ ကမ္ဘာမှာကို လက်မခံတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အင်မတန်မှ နိမ့်ကျတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ စောင့်ဆိုင်းလုပ်ကြံတာကလည်း သရဲဘောနည်းတယ်လို့ ပြောချင်ပါတယ်။

တိုက်ခိုက်ခံရချိန်တုန်းက လုံခြုံရေး ပါပါသလား။

တိုက်ခိုက်ခံရမှုမတိုင်မီက စစ်တပ်အဖွဲ့ဗျူဟာမှူး ကိုယ်တိုင်ပါဝင်ပြီး လိုက်လံစောင့်ကြပ်ခဲ့ပါတယ်။ ပြင် ဦးလွင်မြို့နယ်နဲ့လည်းနီး၊ သစ်တောတို့ ဘာတို့လည်း မရှိတဲ့အတွက် ၀န်ကြီးချုပ်က ဗျူဟာမှူးအဖွဲ့ကို ပြန်ခိုင်းလိုက်တာပါ။ အဲဒီနောက်မှ ယခုလို တိုက်ခိုက်ခြင်းခံရတာပါ။ အဲလို တိုက်ခိုက်ခံရပြီးနောက် တိုင်း ရဲတပ်ဖွဲ့ကို တရားခံဖမ်းဆီးမှုပိုင်းကို လုပ်ဆောင်ထားသလို၊ ၀န်ကြီးချုပ်ခရီးစဉ်နဲ့ပတ်သက်ပြီး လုံခြုံရေး ပိုင်းကို စီမံချက်ချမှတ် လုပ်သွားဖို့ ရှိပါတယ်။

မျိုးသန့်
Mizzima Burmese