ဝန်ကြီးကို တစ်ကိုယ်တော်ဆန္ဒပြသူ ရုံးတင်မည်

ပို့စ်တင်ချိန် - 2/21/2014 05:13:00 PM

ရေခဲ(ပြည်)|ဖေဖော်ဝါရီ ၂၁၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်သူများကိုယ်စား ပါးအချက်သန်းခြောက်ဆယ် အရိုက်ခံမည်ဟုဆိုကာ ၀န်ကြီးဦးအုန်းမြင့်ကို တစ် ကိုယ်တော်ဆန္ဒပြခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကို မြို့နယ်တရားရုံး တွင် ဖေဖော်ဝါရီလ ၂၄ ရက်၌ ရုံးတင်စစ်ဆေးမည်ဟု ကာယကံရှင်က ပြောသည်။

“မနေ့က အမှတ်(၁)စခန်းမှူး ဖုန်းဆက်တယ်။ တနင်္လာနေ့ ပုဒ်မ(၁၈) အမှုတွဲတင်မယ်။ လာခဲ့ပါလို့ပြောတယ်။ မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီလို့ ပြောလို့ရတယ်”ဟု ၄င်းက ပြောသည်။

ရှေ့နေဦးမြင့်အေးသည် ဖေဖော်ဝါရီလ ၄ ရက် “ပြည်ထောင်စုဝန်ကြီးအုန်းမြင့် နယ်လှည့်ပြီး ပြည်သူကို ပါးမရိုက်ပါနဲ့။ ကျုပ်တစ်ယောက်တည်းကို သူတို့ကိုယ်စားပါးရိုက်လိုက်ပါ။ အချက်သန်းခြောက်ဆယ်ရိုက် ပါ။ အားရင် ကျုပ်ကို ပါးလာရိုက်ပါ။ ပါးကောင်းလို့ လက်ဝါးတောင်းတာပါ” စာသားပါ ဗီနိုင်းပိုစတာတစ်ခု ကိုကိုင်ဆောင်ကာ ပြည်မြို့အတွင်း တစ်ကိုယ်တော်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ်ပိုင်ခံဝန်နဲ့ အာမခံလျှောက်မယ်။ အမှုကိုလည်း တခြားဘယ်ရှေ့နေမှ မလိုက်ခိုင်းဘဲနဲ့ ကိုယ်တိုင်ပဲ လျှောက်လဲချက်ပေးသွားမယ်”ဟု ဦးမြင့်အေးက ဆိုသည်။

ထိုသို့ဆန္ဒထုတ်ဖော်မှုခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ပြည်မြို့ အမှတ်(၁)ရဲစခန်းက (ပ) ၃၇/၂၀၁၄ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ထားရာ ပြည်မြို့နယ်တရားရုံးတွင် ရုံးတင် စစ်ဆေးမည်ဖြစ်သည်။ ၎င်းသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၌ တက္ကသိုလ်ကျာင်းသားဘ၀ဖြင့် ထောင် နှစ်နှစ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ သင်္ကန်းဝတ်ဖြင့် ထောင်နှစ်နှစ်ကျခံခဲ့ဖူးသူ ဖြစ် သည်။

Mizzima