ကမ္ဘာ့ဖလား ကျင်းပမည့် ဘောလုံးကွင်းစီမံကိန်းနှင့် မလွတ်ကင်းသည့် နေအိမ်တွေ ဖယ်ရှား

ပို့စ်တင်ချိန် - 2/08/2014 05:41:00 PM


၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပဖို့ အချိန်နီးကပ်လာတာနဲ့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့က မာရာကနာ ဘောလုံးကွင်းစီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်တွေကို ရီယိုမြို့အာဏာပိုင်တွေက ဖယ်ရှားနေပါတယ်။

ဖယ်ရှားခံရတဲ့နေအိမ်မှာ ၁၇ နှစ်ကျော် နေလာခဲ့တဲ့ ရီယိုမြို့ခံတဦးက ပြီးခဲ့တဲ့ ၆ လကစပြီး ရီယိုမြို့တော်စည်ပင်က မြေတွေလိုက်သိမ်းနေတာပါ။ မြေတွေသိမ်းပြီးတော့ အခု ကျနော်တို့ အကြာကြီးနေခဲ့တဲ့ အိမ်တွေကို လာသိမ်းနေပြန်ပြီလို့ ပြောခဲ့ပါတယ်။

ကျနော်တို့ နေခဲ့တဲ့ ပတ်ဝန်းကျင်ကို ဖြိုဖျက်နေတာ မြင်ရတော့ စိတ်မကောင်းဘူးလို့ နေအိမ်ဆုံးရှုံးခဲ့သူ ရီယိုမြို့ခံတဦးက ဆိုပါတယ်။ ရီယိုမြို့ အိုးအိမ်ဌာနက အတွင်းရေးမှူး ပီရဲ ဘတစ်တာ က အိမ်ထောင်စု ၇၀၀ ကျော်ကို နေရာပြောင်းရွှေ့ခဲ့ပေမယ့် နေအိမ်အစားပြန်ပေး ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

နေအိမ်ဟောင်းမှာပဲ နေချင်တဲ့ ဘက်ဗားဒို ဘတ်ဇီရာ က ရေစီးရေလာကောင်းအောင် သန့်ရှင်းရေးတွေ လုပ်ပေးလိုက်ရင် အိမ်ဟောင်းမှာပဲ ဆက်နေလို့ ရပါတယ်လို့ ပြောပြခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲသာ မဖြစ်ခဲ့ရင်တော့ အဲ့ဒီမှာပဲ ဆက်နေဖြစ်မှာပါ။ ကမ္ဘာ့ဖလားကြောင့် အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အခုဆို ဘယ်ပဲသွားသွား ကမ္ဘာ့ဖလား ကမ္ဘာ့ဖလားပဲ ဖြစ်နေကြတယ်လို့ ဆက်ပြောခဲ့ပါတယ်။

DVB Burmese