မော်ဒယ်မိခင်ထံသို့ ပေးစာ

ပို့စ်တင်ချိန် - 2/10/2014 08:29:00 PM


သို့
ဒေါ်တင်မိုးလွင်
Talents & Models

မှ
သတင်းစာဆရာတစ်ဦး
အကြောင်းအရာ ။ ။ သင်တန်းသားသစ်များလက်ခံပါရန် လျှောက်ထားခြင်း။

ဒေါ်တင်မိုးလွင်ခင်ဗျား

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး လေးစားစွာစာရေးသားအပ်ပါသည်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ အပြောအဆို၊ အနေအထိုင်မတတ်သေးသည့် သတင်းထောက်လူငယ်များအတွက် ယဉ်ကျေးစွာစကားပြောဆိုဆက်ဆံနည်း၊ သင့်တင့်လျောက်ပတ်စွာ သွားလာနေထိုင်နည်း၊ ၀တ်စားဆင်ယင်နည်း သင်တန်းကို မေတ္တာဖြင့်
ဖွင့်လှစ်ပေးလိုကြောင်း ဒေါ်တင်မိုးလွင် ပြောဆိုသည်ကို ဖတ်ရပါသည်။ လူငယ်များအတွက် အားတက်မိသည့်အပြင် ဒေါ်တင်မိုးလွင်၏ စေတနာကိုလည်း အထူးကျေးဇူးတင်မိပါသည်။

ပြီးခဲ့သည့်တစ်ပတ်လုံးလုံး မြန်မာနိုင်ငံအနှံ့အပြား အပြောအဆို၊ အနေအထိုင်မတတ်သေးသည့် သတင်းထောက်များကို ကျွန်တော် စာရင်းလိုက်ကောက်ပါသည်။ သင်တန်းတက်လိုစိတ် ရှိ၊ မရှိ သူတို့ဆန္ဒများကိုလည်း မေးမြန်းပါသည်။ သတင်းထောက်များကလည်း သူတို့အားနည်းချက်ကို သူတို့သိကြောင်းနှင့် သင်တန်းတက်ဖို့ ဆန္ဒရှိကြောင်း ပြောနေကြပါသည်။

အမျိုးသမီးသတင်းထောက်များကတော့ အပြောအဆို၊ အနေအထိုင် သင်တန်းထက် ကြောင်လမ်းလျှောက်နည်း (Cat Walk)ကို ပိုစိတ်ဝင်စားပုံရပါသည်။

သို့သော် ယခုစာကိုရေးသားနေခြင်းမှာ သတင်းထောက်များကို သင်တန်းအပ်ဖို့မဟုတ်ပါ။ ကျွန်တော်နှင့်စကားပြောခဲ့သော အနေအထိုင်၊ အပြောအဆိုမတတ်သည့် သတင်းထောက်များအားလုံးက တညီတညွတ်တည်းပြောကြပါသည်။ ယခုသင်တန်းကို သူတို့ အလွန်အမင်းတက်ချင်သည့်တိုင် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် သူတို့ထက် သင်တန်းပိုမိုလိုအပ်နေသူများကို အနစ်နာခံဦးစားပေးလိုသည်ဟု ဆိုပါသည်။

သတင်းထောက်များက ယခုသင်တန်းကို အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က ပိုလိုအပ်နေတာကြောင့် သူတို့အနစ်နာခံပြီး နောက်အသုတ်မှတက်ပါမည်ဟု ပြောကြပါသည်။ ၀န်ကြီးများက အသက်အရွယ်ပိုမိုကြီးရင့်ပြီး ဘ၀၏စတုတ္ထအရွယ်ကို ရောက်နေပြီဖြစ်သည့်အတွက် နောက်ဆုံးအခွင့်အရေးအဖြစ် သူတို့ကိုဦးစားပေးလိုကြောင်း လူငယ်သတင်းထောက်များက ပြောပါသည်။ အပြောအဆိုမတတ်ကြသည့်တိုင် သဘောထားကြီးကြသော သတင်းထောက်များဖြစ်ပါသည်။

ကျေးဇူးပြုပြီး ဒေါ်တင်မိုးလွင်အနေဖြင့် ၀န်ကြီးအချို့ကို လက်ခံသင်ကြားပေးစေလိုပါသည်။ လွှတ်တော်က ဘတ်ဂျက်ချမပေးသည့်တိုင် သင်တန်းအတွက် လိုအပ်သည့် အဖိုးအခများကိုလည်း ပြည်သူပြည်သားများက သူတို့၏ချွေးနှဲစာများဖြင့် အားတက်သရော ထောက်ပံ့ကြမှာ ဖြစ်ပါသည်။

ဝန်ကြီးများ သင်တန်းတက်သည့်အတွက် အလုပ်အကိုင်ပျက်ကွက်မှာကိုလည်း သမ္မတကြီးထံ ကျွန်တော် တင်ပြပေးဖို့ရှိပါသည်။ “မိဘပြည်သူများ ခင်ဗျာ”ဟု နှုတ်ဆက်လေ့ရှိသည့် သမ္မတကြီးကလည်း ၀န်ကြီးများ အပြောအဆို နေထိုင်နည်းသင်တန်းကို သဘောတူလိမ့်မည်ဟု ယုံကြည်ပါသည်။

သင်တန်းမှာ စကားပြောသင်တန်း(Speaking)ကို သင်ပေးစေချင်ပါသည်။ အင်္ဂလိပ်စကားပြောမဟုတ်ပါ။ မြန်မာစကားကို ချောမွေ့အောင်ပြောနည်းဖြစ်ပါသည်။

သင်တန်းသားများကိုမလွှတ်ခင် ကြိုတင်သတိပေးထားချင်တာ တစ်ခုရှိပါသည်။ သင်တန်းသားများထဲမှာ ခပ်ဆိုးဆိုးကြမ်းကြမ်းတစ်ယောက် ပါနေသည်။ လက်ရဲဇက်ရဲရှိပုံလည်းရသည်။ စိတ်ထွက်လျှင် ရိုက်ချင်နှက်ချင်ရှိပါသည်။ သင်တန်းအခန်းထဲမှာ ဗလတောင့်တောင့်လုံခြုံရေး ၃-၄ ယောက် ကြိုတင်ခေါ်ထားဖို့ အကြံပြုချင်ပါသည်။ ငယ်စဉ်က ကျောင်းထဲမှာ သူများပေတံချိုး၊ ကျောက်သင်ပုန်းခွဲ၊ မုန့်လုစားသူမျိုး ဖြစ်နိုင်ပါသည်။ ကြိုတင်လုံခြုံရေးယူထားရန် သတင်းပို့ခြင်းဖြစ်ပါသည်။

သင်တန်းမှာ ဒေါ်တင်မိုးလွင်ပြောသလို ၀တ်စားဆင်ယင်မှုကို သင်ဖို့လိုလိမ့်မည်ဟု ကျွန်တော် မထင်ပါ။ ဒေါ်တင်မိုးလွင်ပြောသည့် နေရာအချိန်နှင့်ကိုက်ညီအောင် ၀တ်စားဆင်ယင်ခြင်းကို ၀န်ကြီးများ အလွန်ပင်ကျွမ်းကျင်ပြီးဖြစ်လို့ပါ။ ဘယ်အချိန်မှာ ဘောင်းဘီဝတ်ရမည်။ ဘယ်အချိန်မှာ ဘောင်းဘီချွတ်ပြီး တိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်းရမည်ကို သူတို့ကောင်းကောင်းသိကြပါသည်။

သို့သော် တစ်ခုတော့ ကြိုတင်သတိပေးလိုပါသည်။ ၀န်ကြီးများအား သင်တန်းသင်ချိန်မှာ မော်ဒယ်သင်တန်းများကိုတော့ ရပ်နားထားဖို့လိုပါလိမ့်မည်။ မော်ဒယ်လူငယ်အများစုက လိမ္မာရေးခြားရှိကြသည့်တိုင် စပွန်ဆာရှာသူ တစ်ဦး၊ နှစ်ဦးပါလာပြီး “အဘ”တို့နှင့် တွေ့သွားလျှင် ဒေါ်တင်မိုးလွင် ခေါင်းခဲရပါလိမ့်မည်။

ယဉ်ကျေးစွာစကားပြောဆိုနည်းကိုသာ ဦးစားပေးသင်ကြားစေလိုပါသည်။ ၀န်ကြီးအချို့ ကြမ်းတမ်းစွာပြောဆိုသည့်အတွက် သူတို့နှင့်ထိတွေ့သည့် ပြည်သူများမှာ စိတ်ဒဏ်ရာ (Mental Trauma) ခံစားနေကြရပါသည်။ သူတို့ကြောင့် စိတ်ဒဏ်ရာရသူ ပြည်သူများကို နှစ်သိမ့်ကုစားဖို့ ကျွမ်းကျင်သူဆရာဝန်များနှင့် တိုင်ပင်နေကြရပါသည်။

သင်တန်းကို စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ အမြန်အကြောင်းပြန်ပေးစေလိုပါသည်။ ၂၀၁၅ မတိုင်မီ အလျင်စလိုလုပ်ရမှာ ဖြစ်ပါသည်။ အကယ်၍ Talents & Models က လက်မခံနိုင်လျှင် နိုင်ငံတစ်ဝန်းမှာ မူလတန်းကလေးငယ်များအတွက် ဖွင့်လှစ်နေသည့် “ယဉ်ကျေးလိမ္မာ”သင်တန်းမှာ သူတို့ကို အပ်နှံရမှာဖြစ်သည်။ သို့သော် ကလေးငယ်များကို အကျင့်ဆိုးများ ကူးမှာစိုးသည့်အတွက် ဒေါ်တင်မိုးလွင်ထံ အကူအညီတောင်းရခြင်းဖြစ်ပါသည်။ မတတ်သာမှသာ “ယဉ်ကျေးလိမ္မာ”သို့ပို့မည်ဟု ဆုံးဖြတ်ထားပါသည်။

ယခုသင်တန်းပြီးသွားလျှင် ဒေါ်တင်မိုးလွင်အနေနဲ့လည်း ကုမ္ပဏီနာမည်ကို Talents, Models & Ministers ဟု ပြောင်းလဲခေါ်၍ရမည်ထင်ပါသည်။

ချစ်ခင်လေးစားစွာဖြင့်
သတင်းစာဆရာတစ်ဦး

စာကြွင်း-သင်တန်းသားများကို ရိုက်နှက်ဆုံးမနိုင်ပါသည်။ အားမနာပါနှင့်။ ။

ရေးသားသူ- ရဲမိုး

7Day News Journal