ရခိုင်ခေါင်းဆောင် (၂)ဦးအား လုပ်ကြံရန် ကြိုးပမ်းသူ မလေးရဲက စတင်စုံစမ်းပြီ

ပို့စ်တင်ချိန် - 2/11/2014 08:47:00 AM


ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ကိုပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်းလုပ်ကြံဖို့ ကြိုးစားသူတွေကို မလေးရှားရဲတပ်ဖွဲ့က စတင်စုံစမ်း ဖေါ်ထုတ်ဖို့ ကြိုးစားနေပြီလို့ ဘီဘီစီ (မြန်မာပိုင်း)မှာ သတင်း ဖေါ်ပြပါတယ်။

ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပြီလို့ သတင်းမှာ ဖေါ်ပြပါတယ်။

ဒီအမှု ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိ ဘားဆွတ် က အမှု ကို စုံစမ်းနေဆဲ ဖြစ်လို့ သံသယ ရှိသူ နှစ်ယောက် နဲ့ ပတ်သက်ပြီး မှတ်ချက်မပြုလို သေးကြောင်း၊ မြန်မာသံရုံး ရဲ့ ပန်ကြားချက်လည်း ရရှိထား ကြောင်း၊ မြန်မာ အစိုးရ ဘက်ကနေ ရဲတပ်ဖွဲ့ချင်း ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းလာ ပါက၊ ကြိုဆိုဖို့ရှိသလို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ အထဲက ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ မှ ခေါင်းဆောင် ဒေါက်တာအေးမောင် ကလည်း ဒီအမှု ကို ဆက်လက် အရေးယူနိုင်ရေး အတွက် သူ့ပါတီက တာဝန်ရှိသူတွေ က တဆင့် မြန်မာနိုင်ငံ ရဲချုပ် နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူး နေ့မှာတော့ အမှုသွား အမှုလာ နဲ့ ပတ်သက်ပြီး၊ မလေးရှား နိုင်ငံမှာ အထူးသတင်း ထောက်လှမ်းရေး တပ်ဖွဲ့နဲ့ ရာဇဝတ်မှုခင်း ဌာနတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် အကြောင်း၊ ဒေါက်တာအေးမောင် က ပြောတယ်လို့ ဘီဘီစီ မှာ သတင်း ဖေါ်ပြထားပါတယ်။

Narinjara