ဟောင်ကောင် သန်းကြွယ် သူဋ္ဌေးကြီး၏ သမီးဖြစ်သူ လိင်တူချစ်သူ အမျိုးသမီးကြောင့် ရှေးရိုးစွဲ ဟောင်ကောင် အသိုင်းအဝိုင်းကြား လှုပ်ခတ်များ ဖြစ်ပွား

ပို့စ်တင်ချိန် - 2/12/2014 08:43:00 PM


ဖေဖော်ဝါရီ ၁၂။

ဟောင်ကောင် အိမ်ယာမြေ သန်းကြွယ်သူဋ္ဌေး ဆီစီချောင်မှ သမီးဖြစ်သူ၏ လိင်တူချင်း လက်ထပ်ထားမှုကို သိရှိသွားပြီးနောက် သမီးဖြစ်သူကို ပုံမှန် အမျိုးသမီး တစ်ယောက် ဖြစ်အောင် စွမ်းဆောင်နိုင်မည့် မည်သည့် ယောက်ျားကိုမဆို ဟောင်ကောင်ဒေါ်လာ ၁ ဘီလျံ ချီးမြှင့်သွားမည်ဟု ကမ်းလှမ်းခဲ့သည်။ ညတွင်းချင်းပင် ကမ္ဘာပေါ်မှ အမျိုးသားများ၏ ဖုန်းမက်ဆေ့ခ်ျများ အများအပြား ဝင်ရောက်လာခဲ့သည်။

သမီးဖြစ်သူ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ဂီဂီချောင်မှ ၎င်းကမ်းလှမ်းမှုအတွက် တုန်လှုပ်နေစရာ အချိန်မရှိဟု ပြောဆိုခဲ့သည်။ ဖခင်ဖြစ်သူမှ ယင်းကဲ့သို့ ကမ်းလှမ်းခဲ့ပြီးနောက် ညတွင်းချင်းပင် ဂီဂီ၏ ဖုန်းသို့ ကမ္ဘာအရပ်ရပ်မှ အမျိုးသားများ၏ ဖုန်းမက်ဆေ့ခ်ျများ ဝင်ရောက်ခဲ့သည်။ ယခုလို အာရုံစိုက်ခံရမှုမျိုးကို မလိုချင်ကြောင်း ဂီဂီမှ ဆိုခဲ့သည်။

“ ကျွန်မ ဘဝကို အတွင်းအပြင် ဆွဲထုတ်လိုက်သလို ပါပဲ။ ဒီကိစ္စမှာ စိတ်ဓာတ်ကျနေဖို့ မဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ကြံ့ကြံ့ခံ ရပ်ရမယ်လို့ပဲ တွေးမိတယ်။ ကျွန်မ အမေက နံရံကို ခေါင်းနဲ့ ဆောင့်ပြီး ကျွန်မကို ဘယ်တော့မှ လက်မခံဘူးလို့ ပြောခဲ့တယ် ” ဟု ဂီဂီမှ ပြောဆိုခဲ့သည်။

ဂီဂီမှ လိင်တူချင်း လက်ထပ်ထားမှု အကြောင်းကို အဖေဖြစ်သူအား အိတ်ဖွင့်ပေးစာဖြင့် ပေးပြီး ကာကွယ်ပြောဆိုခဲ့သည်။         “ ကျွန်မရဲ့ ဘဝနဲ့ ကျွန်မ ဘယ်လောက် ပျော်နေလည်းဆိုတာ အဖေ နားမလည်ပါဘူး ” ဟု ပေးစာတွင် ပါဝင်သည်။ နောက်တစ်နေ့တွင် ဆီစီချောင်မှ သမီးဖြစ်သူအတွက် ကမ်းလှမ်းထားသော ငွေကြေးကို ပြန်လည် ရုတ်သိမ်းခဲ့သည်။

ဂီဂီချောင်၏ သတင်းများကြောင့် ဟောင်ကောင် လူမှုကွန်ယက်အတွင်း အမျိုးသမီး လိင်တူချစ်သူများ၊ မိန်းမလျှာများနှင့် လိင်ပြောင်းလဲသူများ ရင်ဆိုင်ရသည့် အခက်အခဲများ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြသည်။ “ ဒီလိုမျိုး မိန်းမလျှာတွေ လိင်တူချစ်သူတွေဟာ မိဘတွေကို လုံးဝ ရိုသေလေးစားမှု မရှိဘူးလို့ လူတွေက ထင်ကြတယ်။ တကယ်တမ်းကျတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်မ သိတဲ့ တော်တော်များများကတော့ သူတို့ရဲ့ မိဘတွေကို ရိုသေ လေးစားကြတာချည်းပဲ ” ဟု ဂီဂီမှ ဆိုခဲ့သည်။ ကြွယ်ဝသည့် အဖေဖြစ်သူမှ သူ့အသက် ၁၆ နှစ်တွင် တက္ကသိုလ်သို့ တက်ရောက်စေခဲ့ပြီး သရုပ်ဆောင်ဖြစ်ခဲ့သူ အမေမှ သမီးဖြစ်သူ၏ အသွင်အပြင်ကို စင်းလုံးချော ဖြစ်အောင် ဂရုစိုက်သည့် တင်းကျပ်သော မိသားစုတွင် ကြီးပြင်းလာရမှုကြောင့် ငယ်စဉ်ကတည်းကပင် အနေအထိုင် ထိန်းသိမ်းခဲ့ရပြီး စိတ်ခံစားမှုများကို ချုပ်တည်းခဲ့ရကြောင်းလည်း ပြောဆိုခဲ့သည်။

ဂီဂီမှ မိသားစု၏ လုပ်ဆောင်မှုများမှာ ရှေးရိုးစွဲ အာရှလူထု၏ ပုံစံတစ်ခုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ ဟောင်ကောင်က လူတွေ အများအပြားက မိသားစု ဆက်ဆံရေးကို စုစုစည်းစည်း တင်းတင်းကျပ်ကျပ် နေထိုင်ချင်ကြတယ် ” ဟုလည်း ရှင်းပြခဲ့သည်။

ဂီဂီကဲ့သို့ပင် ဟောင်ကောင်မှ ထင်ရှားသော မိသားစု၏ သမီးဖြစ်သူ တစ်ဦးမှလည်း “ ဂီဂီကြောင့် အိမ်မှာလည်း တော်တော် လှုပ်ရှားသွားတယ်။  ဂီဂီဟာ ကောင်းမွန်တဲ့ အလုပ်အကိုင် ရှိပြီး အခြေတကျလည်း ဖြစ်နေပြီ။ သူတောင်မှ သူ့ဘဝကို ဒီလိုမျိုး အပြည့်အဝ နေနိုင်ရင် ကျွန်မလည်း ဒီလို ဘဝမျိုး ရနိုင်တယ်လို့ သူတို့ မြင်သွားကြတယ်။ ဂီဂီဟာ လိင်တူချစ်သူတွေ အတွက် မျှော်လင့်ချက်ကို ပြသခဲ့ပြီး မှန်ကန်တဲ့ ဦးတည်ချက်ဆီ ရွေ့လျားစေခဲ့တာပါ ” ဟု ပြောကြားသွားသည်။ ဟောင်ကောင်၏ ဖွံ့ဖြိုးလာသော လှုပ်ရှားမှုအတွက် ဂီဂီသည် ပုံရိပ်တစ်ခု ဖြစ်လာလျှက် ရှိသည်။

သို့သော်လည်း သူ့ကဲ့သို့ ထင်ပေါ်ကျော်ကြားမှုမျိုး ကင်းမဲ့သည့် လိင်တူချစ်သူများ၏ ဘဝအတွက်မူ လွယ်ကူချင်မှ လွယ်ကူမည် ဖြစ်ကြောင်း ဂီဂီမှ သတိပေးခဲ့သည်။ အခြားသူများ အားကျရသည့် ပုံရိပ်တစ်ခု ဖြစ်လာမှုအတွက် ခေါင်းဆောင်လည်း မဟုတ်၊ တက်ကြွလှုပ်ရှားသူလည်း မဟုတ်ကြောင်း ဂီဂီမှ  ဆိုခဲ့ပြီး “ ကျွန်မဟာ ကျွန်မကိုယ်တိုင်ပါပဲ။ ကျွန်မအတွက်ပဲ ကျွန်မ ပြောမှာပဲ။ အခု ဖြစ်ပြီးခဲ့တာတွေက ကျွန်မမှာ ပြောစရာ ရှိတယ်။ လူတွေက ကျွန်မပြောတာကို နားထောင်ချင်ကြတယ်။ ဒီလောက်ပါပဲ ” ဟု ပြောဆိုသွားသည်။

REF: CNN

The Myanma Age