နေပြည်တော်၌ ပြုလုပ်သည့် မျိုးစောင့် ဥပဒေ ဟောပြောပွဲ ပရိသတ် ၂၇,၀၀၀ ကျော် တက်ရောက်

ပို့စ်တင်ချိန် - 2/24/2014 12:32:00 PM




နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံ၏ အစိုးရ ရုံးစိုက်ရာမြို့ နေပြည်တော်ရှိ ဥပ္ပာတသန္တိ စေတီအနီး တပေါင်းကွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် ဟောပြောပွဲသို့ လူထု ၂၇,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟို ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဓမ္မစက္က ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါ ဟောပြောပွဲ ဖြစ်မြောက်ရေး အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ ဟောပြောပွဲနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် ဆန္ဒလက်မှတ် ကောက်ခံရာ လက်မှတ် အရေအတွက် ငါးသိန်းကျော် ရရှိကြောင်း ဓမ္မစက္က ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို ယခုလအတွင်း ပြည်သူ့လွှတ်တော် ရုံးသို့ ပေးပို့မည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် လက်မှတ်များ ကောက်ခံနေကြောင်း ၎င်းကဆိုသည်။
“တစ်နိုင်ငံလုံးက ရထားတာတွေကို စိစစ်နေပါပြီ။ အားလုံးပေါင်းရင် တစ်သန်းကျော် ရှိမယ်” ဟု ၎င်းကဆိုသည်။

ယခုအကြိမ် ပေးပို့ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်ပြီး အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် ဆန္ဒပြု လက်မှတ် သုံးသန်းကျော်ကို လွှတ်တော်သို့ တင်သွင်းပြီး ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ရုံးအဖွဲ့ဝင် ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။
“လွှတ်တော် ရုံးကနေ တစ်ဆင့် သူရဦးရွှေမန်းဆီကို ပို့တာပါ။ ကိုယ့်အမျိုး အနွယ်အတွက် တကယ်လည်း ကာကွယ်ဖို့ လိုအပ်နေပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

ယင်းဟောပြောပွဲသို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်လည်း တက်ရောက်ခဲ့ကြောင်း အဆိုပါ ဟောပွဲ စီစဉ်သူများထံမှ သိရှိရသည်။

အဆိုပါ ဥပဒေ ပြဋ္ဌာန်းရန် အတွက် လိုအပ်သည် မှန်သော်လည်း ၁၉၅၄ တွင် ပြဋ္ဌာန်းခဲ့သော အမျိုးစောင့် ဥပဒေကိုသာ အသက်ဝင်စေရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
“အခု ပြဋ္ဌာန်းဖို့ ကြိုးစာတာကို မှန်တယ် မှားတယ် မပြောလိုဘူး။ ၁၉၅၄ ဥပဒေမှာလည်း ထည့်ထားပြီးသား၊ နိုင်ငံခြားသားကို လက်မထပ်ဖို့ တားပြီးသား။ အဲဒါကိုပဲ အသက်ဝင်လာအောင်၊ ကိုယ့်အမျိုးကို ချစ်အောင် ကာကွယ်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ လက်မှတ် ကောက်ခံ ဟောပြောပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည် ဖြစ်ပြီး ဥပဒေ ပြဋ္ဌာန်းနိုင်သည် အထိ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ဘာသာရေး ပဋိပက္ခများ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အတွက် ယင်းကဲ့သို့ ဘာသာရေး၊ လူမျိုးရေးနှင့် ပတ်သက်သည့် ဟောပြောပွဲများနှင့် စပ်လျဉ်း၍ အစိုးရအနေနှင့် ထိန်းထိန်းသိမ်းသိမ်း ခွင့်ပြုသင့်ကြောင်း အသက် ၂၆ နှစ်အရွယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

“ဒီလို ဟောပြောပွဲတွေက Hate Speech တွေ များတယ်ဗျ။ ကျွန်တော် နှစ်ခါလောက် သွားနားထောင်ဖူးတယ်” ဟု ဗုဒ္ဓဘာသာဝင် တစ်ဦးလည်း ဖြစ်သူ အဆိုပါ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူက ဆိုသည်။

အချို့သော နိုင်ငံရေး ပါတီများ၏ မဲဆွယ် စည်းရုံးပွဲ၊ အခြား ဟောပြောပွဲများကို ပြုလုပ်ရာတွင် ခွင့်ပြုမိန့် ခက်ခဲခြင်း၊ ဟောပြောမည့် နေရာ မရရှိခြင်းတို့ ဖြစ်ပွားခဲ့သော်လည်း ယင်းကဲ့သို့သော ဟောပြောပွဲများကိုမူ ခွင့်ပြုမိန့် လွယ်လွယ် ပေးခြင်းမှာ မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြင့်က ထောက်ပြသည်။

“တရားဥပဒေဆိုတဲ့ အောက်မှာ အုပ်ချုပ်ရေးပိုင်းက လိုရာကို ဆွဲပြီး လုပ်နေတယ် ဆိုတာ ပေါ်လွင်တာပဲ။ ဥပဒေကို အသုံးပြုတဲ့ လူတွေက ဒါကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ကောင်းတယ်။ ဘာတွေ ဖြစ်လာနိုင်မလဲ ကတော့ ပြည်သူတွေက စောင့်ကြည့်နေတာပဲ၊ အားလုံးကို မြင်မှာပါ” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်း ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်တွင် ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ဆိုင်ရာ ဟောပြောပွဲတွင် တောင်ကြီး မီးပုံးပျံ ကွင်းအတွင်း ဟောပြောပွဲ ကျင်းပရန် လျှောက်ထား ခဲ့သော်လည်း ခွင့်မပြုသဖြင့် အခြား ကွင်းတစ်ကွင်းတွင် ၁၀ ဘီး မော်တော်ယာဉ်ပေါ်၌ စင်ထိုးကာ ကတိုက်ကရိုက် ကျင်းပခဲ့ရကြောင်း NLD ပါတီဝင်များထံမှ သိရှိရသည်။

နေပြည်တော်တွင် ပြုလုပ်သည့် အခြေခံဥပဒေ ဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲတွင်လည်း ပထမအကြိမ် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခြင်း ခံခဲ့ရပြီး ဒုတိယအကြိမ် လျှောက်ထားမှသာ ပြန်လည် ခွင့်ပြုခဲ့သည်။


The Voice Weekly