တွံတေးမြို့သို့ ပြေးဆွဲနေသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ ပုံမှန်တိုင်း ပြေးဆွဲခွင့်ပြုမည်

ပို့စ်တင်ချိန် - 2/21/2014 11:02:00 PM


ရန်ကုန်၊ဖေဖော်ဝါရီလ၂၀

စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်များမှ တွံတေးမြို့သို့ ပြေးဆွဲနေသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များကို ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

လှိုင်သာယာနှင့် တွံတေးသို့ ပြေးဆွဲလျက်ရှိသော ရွှေရန်ကုန် ယာဉ်လိုင်း၊ ရဲမာန်ယာဉ်လိုင်းနှင့် ဒလနှင့် တွံတေးသို့ ပြေးဆွဲလျက်ရှိသော ရွှေရန်ကုန် ယာဉ်လိုင်းနှင့် တောင်ပိုင်းခရိုင် ယာဉ်လိုင်းများမှာ ပုံမှန်အတိုင်း ပြေးဆွဲသွားမည့်အပြင် မှော်ဘီ၊ တိုက်ကြီးမှလာသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ် များကိုလည်း ထောက်ကြန့် အထိ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ယာဉ်များမှာ တွံတေးနှင့် ရန်ကုန်မြို့တော်သို့ သွားလာနေသော ခရီးသည်များအတွက် အားထားရပြီး မီနီဘတ်စ်ဖြင့် ပြောင်းလဲ ပြေးဆွဲပါကလည်း ခရီးသည် ပိုရနိုင်ကြောင်း ဒလဆိပ်ကမ်းတွင် ဈေးရောင်းချသော ဈေးသည်များက ဆိုသည်။

တွံတေးနှင့် လှိုင်သာယာသို့ ရွှေရန်ကုန် ယာဉ်လိုင်းမှ ၂၄ စီး၊ ရဲမာန်ယာဉ် လိုင်းခြောက်စီး၊ တွံတေးနှင့် ဒလသို့ ရွှေရန်ကုန် ယာဉ်လိုင်း ရှစ်စီး၊ တောင်ပိုင်းခရိုင် ယာဉ်လိုင်းမှ ရှစ်စီး စသည့်ယာဉ်လိုင်းများ ပြေးဆွဲပေးလျက် ရှိကြောင်း မထသ (ဗဟို) ၏ စာရင်းများအရ သိရသည်။

၂၀၁၀နှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း (၆) မြို့နယ်သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ဖူးပြီး ယခုဒုတိယအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝဝ်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း မထသဗဟိုထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဒိုင်နာယာဉ် ရန်ကုန်မြို့တွင်းတွင် ၁၈၇၁ စီး၊ အဝေးပြေးတွင် ၁၀ စီး၊ စုစုပေါင်း ၁၈၈၁ စီးနှင့်ဟိုင်းလပ်ယာဉ် ရန်ကုန်မြို့တွင်းတွင် ၈၅၀ စီး၊ အဝေးပြေးတွင် ၂၈ စီး၊ စုစုပေါင်း ၈၇၈ စီး ရှိကြောင်း မထသ (ဗဟို) က တရားဝင် ထုတ်ပြန်သည်။

The Voice Weekly