တရုတ်နှစ်သစ်ကူးအကြောင်းပြ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဦးဆောင်၍ လောင်းကစားဝိုင်းဖွင့်နေ

ပို့စ်တင်ချိန် - 2/03/2014 04:50:00 PM

စီးကရက်စက်ရုံဝင်းအတွင်းရှိ လောင်းကစားဝိုင်း

ဖေဖော်ဝါရီ ၃ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ သာယာကုန်း စီးကရက်စက်ရုံ ၀င်းအတွင်း၌ တရုတ်နှစ်သစ်ကူး အကြောင်းပြကာ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

၎င်းစီးကရက် ရုံအတွင်း၌ ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ ဖိုင့်ကျူး (မာကျောက် အနက်ရောင်တရုတ်ဖဲ) ၊ ပန်းကျူးနှင့် မာကင့်လွယ် (ကုန်းကင်းလောင်း ကစားဝိုင်း) တို့ဖြစ်ကြပြီး၊ တစ်နေ့လျှင် လောင်းကစားသူ အယောက် (၂၀၀) နီးပါးရှိကြောင်း ဒေသခံ စိုင်းမောင် က ဆိုသည်။

“ လောင်းကစားတဲ့လူတွေတော့ ကျိတ်ကျိတ်တိုးပဲဗျ၊ ဆယ်ကျော်သက် လူငယ်ပိုင်းတွေများတယ် ၊ ဒီလ ၁ ရက် ကစပြီး နောက် ၅ ရက်နေ့အထိ ဖွင့်သွားမယ်လို့သိရတယ်၊ နှစ်စဉ်တရုတ်နှစ်သစ်ကူးပွဲတိုင်း အဲ့ဒီသာယာ ကုန်းမှာ လောင်းကစားဝိုင်းဖွင့်နေမြဲပဲ ၊ အဲဒီမှာ ပန်းဆေးပြည်သူ့စစ်တွေက လုံခြုံရေး ယူပေးတယ်။ ဒေသအာဏာပိုင်တွေက လည်း ကြောက်လို့ထင် တယ် ပေးဖွင့်နေတယ်ဗျာ” ဟု ၄င်းက ပြောသည်။

နမ့်ခမ်းမြို့တွင်လောင်းကစားအမျိုးမျိုးပေါများလာမှုကြောင့် မူးယစ်ဆေးရောင်း ဝယ် သုံးစွဲများလည်း ပေါများလာကြောင်း၊ လူနေအိမ်များလည်းမကြာခဏဖောက်ထွင်းခံရကြောင်း ပါ့နန်းအီပီးက ဆိုသည်။

“ ခုမကြာခဏ ဆယ်ကျော်သက်လူငယ်တွေ ဆိုင်ကယ်စီးပြီး ပိုက်ဆံ အိတ် ဆွဲတာတို့ ရွှေဆွဲကြိုးတွေ လိုက်ဆွဲ တာတို့ ဖြစ်နေတယ်၊ တိတ်တိတ် ပုန်းဖွင့်နေ တဲ့ လောင်းကစားTV ဂိမ်း (ငါးမန်းပစ်ဂိမ်း) လည်း ခု ထိ ဖွင့်နေ တုန်းပါ ပဲ၊ အာဏာပိုင်တွေ မသိလို့ဖွင့်နေတာလား၊ ဒါမှမဟုတ် ပိုက်ဆံပေး ပြီး ဖွင့်နေတာ လားမသိ၊ ဖွင့်နေတဲ့နေရာတွေကတော့ အရင်နေရာဟောင်းတွေ ပဲ ” ဟု ၄င်းကဆိုသည်။

ယခုအခါ သာယာကုန်းတွင်ရှိသောလောင်းကစားဝိုင်းများမှာ မာအိမ့်လွယ် (ခေါ်) ကုန်းကင်း လောင်း ကစားဝိုင်း (၁) ဝိုင်း၊ လေးကောင်ဂျင် ၊ ဖဲဝိုင်း ၊ ဖိုင့်ကျူးနှင့် ပန်းကျူးဝိုင်း ၂ ဝိုင်းစီရှိနေကြောင်း သွား ရောက်လေ့လာခဲ့သူ စိုင်းကမ် ကပြောသည်။

သာယာကုန်းစီးကရက်စက်ရုံသည် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ပိုင်ဆိုင် သည်ဟုလည်း ဒေသခံများကဆို ပါသည်။ နမ့်ခမ်းမြို့ အရှေ့တောင် ဘက်ခြမ်း ၁ မိုင်ခန့်တွင်တည်ရှိပြီး တရုတ်သင်းချိုင်းကုန်းနှင့် မြန်မာအစိုးရ တပ်စခန်းဖြစ်သော စခန်းသစ်တပ်ကုန်းနှင့်နီးစပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း