ဓာတုပစ္စည်းသုံး၍ ရွှေချက်နေမှုကို ၀ိုင်းမော်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တားမြစ်

ပို့စ်တင်ချိန် - 2/17/2014 08:14:00 AM

ဓာတုပစ္စည်းသုံးရွှေချက်ရာ တောင်ကုန်းတစ်နေရာ ဓာတ်ပုံ - မရန်

ဓာတုပစ္စည်းများအသုံးပြု၍ ရွှေချက်လုပ်နေသည့် တရုတ်လုပ်ငန်းရှင်များနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့အား ၀ိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာရှိ ထွယ်ဆန်ယန်ကွင်းသို့ ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြားဌာနများမှ ဦးစီးမှူးများ သွားရောက်၍ ပိတ်ပေးရန် ပြောဆိုထားပြီးဖြစ်သော်လည်း ယခုအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ထိုရွှေလုပ်ကွက်၌ ကျင်းပြိုကျပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် အသက် (၃၀)ကျော်အရွယ် ကလေးတစ်ယောက်မိခင် အမျိုးသမီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထိုရွှေမှော်များသို့ အုပ်ချုပ်မှူးများ ဖေဖော်ဝါရီ ၅ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယခု ရွှေမှော်သည် နောင်းချိန်းကျေးရွာမှ ၃ မိုင်ခန့်အကွာရှိသည့် ဒေသတွင်ဖြစ်သည်။

““ဖျက်ခိုင်းထားတယ်။ တစ်ခါပြန်သွားကြည့်ဦးမှာ မဖျက်ဘူးဆိုရင် အရေးယူသွားမယ်။ နောက်ထပ် သုံးရက်လောက်ဆို သွားကြည့်မယ်””ဟု ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ရွှေလုပ်ငန်းရှင်များ လုပ်ကိုင်လိုပါက ဒေသခံများ၏သဘောတူညီမှုရလျှင် သတ္တုတွင်းဌာနသို့ တရားဝင်လုပ်ခွင့်လျှောက်ရန် ရွှေလုပ်ငန်းရှင်များအား ပြောဆိုထားကြောင်း အုပ်ချုပ်ရေးမှူးကဆိုသည်။

““ကျွန်တော်တို့ ဒေသခံတွေက ရွှေလုပ်တာကို လုံးဝရပ်စဲစေလိုတယ်””ဟု နောင်းချိန်းဒေသခံတစ်ဦးကပြောသည်။

ထိုဒေသတွင် ရွှေကျင်နိုင်ရန်အတွက် လဆန်အောင်ဝါ ပြည်သူ့စစ်အဖွှဲ့နှင့် ကေအိုင်အိုအဖွဲ့များကို အခွန်ငွေပေးဆောင်ရကြောင်းလည်း ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရွှေတူးဖော်ချက်လုပ်ရာတွင် ဓာတုစွန့်ပစ်ရည်များအား စနစ်တကျစွန့်ပစ်ခြင်းမရှိသောကြောင့် ဒေသခံပြည်သူများမှ သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

နောင်းချိန်းကျေးရွာအနီးတွင်ရှိသော ပုန်ဒိန်းကွင်းနှင့် ထွယ်ဆန်ယန်တောင်ကုန်းများအား လိုဏ်ခေါင်းတူး၍ ကျောက်ခဲများတူးယူကာ ထိုကျောက်ခဲများအား စက်ဖြင့်အမှုန့်ကြိတ်ပြီး ဓာတုပစ္စည်းများဖြင့် ရောနှောကာ ရွှေချက်ယူလျက်ရှိသည်။ ယခု ရွှေမှော်ကို ရပ်ဆိုင်းပေးရန် ဒေသခံများက လက်မှတ်ထိုးပြီး ၂၀၁၃ သြဂုတ်လတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Author: မရန်
7day Daily