အာဆီယံ စီးပွားရေး ပေါင်းစည်းမှုကြောင့် ဒေသတွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟုဆို

ပို့စ်တင်ချိန် - 2/09/2014 06:46:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အာဆီယံနိုင်ငံ အချင်းချင်း စီးပွားရေး ပေါင်းစည်းမှုကြောင့် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များ ပျောက်ကွယ် သွားနိုင်ကြောင်း Altsean-Burma အဖွဲ့မှ ညှိနှိုင်းရေးမှူး Ms. Debbie Stothardက ပြောကြားသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် စီးပွားရေး ပေါင်းစည်းမှု ပြုလုပ်မည် ဖြစ်သည့် အတွက် ဒေသတွင်းရှိ အကြီးစားကုမ္ပဏီ၊ လုပ်ငန်းများက အသေးစား လုပ်ငန်းများကို ဝါးမျိုသွားနိုင်ကြောင်း ၎င်းကသတိပေးသည်။

“SMEs တွေကသာ နိုင်ငံ့ဝင်ငွေကို အများဆုံး ရှာပေးသူတွေ ဖြစ်တယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ဖန်တီးပေးနိုင်တာကြောင့် SMEs တွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် ဒေသတွင်း နိုင်ငံ အချင်းချင်း ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးအတွက် အကောက်ခွန် အပါအဝင် အကောက်ခွန် မဟုတ်သော ကုန်သွယ်မှု အတားအဆီးများကို ဖယ်ရှားသွားရန် သဘောတူညီထားပြီး ဖြစ်သည်။

လွတ်လပ်စွာ ကုန်သွယ်မှု ဖြစ်ပေါ်လာပါက နိုင်ငံစုံ ကော်ပိုရေးရှင်း ကြီးများနှင့် ပြည်တွင်းလုပ်ငန်းများ ဖက်စပ်လုပ်ကိုင်ကာ နည်းပညာနဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုများကို သင်ယူနိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း ဖန်တီးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ပါဝင်သူ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေလို ကားစက်ရုံကြီးတွေ၊ အဆင့်မြင့် နည်းပညာသုံး လုပ်ငန်းတွေ လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို ကော်ပိုရေးရှင်းကြီးတွေ ရောက်လာရင် လျှံကျ အကျိုးအမြတ်ကို ရယူနိုင်မယ်ဆိုရင် SMEs တွေ ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွား အကြံပေးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

မြန်မာနိုင်ငံ စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ပြီး မကြာမီ ဥပဒေအဖြစ် ထွက်ပေါ်လာမည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ အဓိပ္ပာယ် သတ်မှတ်ချက်အရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၉၉ ရာခိုင်နှုန်းသည် SMEs စာရင်း ဝင်သွားမည် ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ဆိုသည်။
“မြန်မာနိုင်ငံက စီးပွားရေးဖွင့်တာ၊ ပွင့်တာ နောက်ကျတဲ့အတွက် ပြင်ဆင် ထားတာ အရမ်းအားနည်းတယ်။ လုပ်ငန်းကြီးတွေရဲ့ ဝါးမျိုမခံရအောင် လုပ်ငန်းတူ၊ အမျိုးအစားတူတွေ အစုအဖွဲ့လိုက်၊ အသင်းအဖွဲ့လိုက် လုပ်ဆောင်ဖို့လိုတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုများ မလုပ်ခင် ယခင်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အစိုးရနှင့် နီးစပ်သူများ၊ ပါမစ် လုပ်ကိုင်ခွင့်များနှင့်သာ စီးပွားရေး လုပ်ခဲ့သည့်အတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိသလောက် နည်းပါးခဲ့ပြီး အမြန်ဆုံး အမြတ်ရနိုင်မည့် ဖြတ်လမ်းကိုသာ ရှာဖွေခဲ့ကြကြောင်း ၎င်းကဆိုသည်။
“လုပ်ငန်းရှင်တွေရဲ့ သဘောထား၊ စိတ်ဓာတ်၊ Mind Set တွေကို အရင်ပြင်ဖို့ လိုတယ်။ စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ သင်တန်းတွေ ဖွင့်ပေမယ့် စိတ်ဝင်စားတဲ့သူ၊ တက်တဲ့သူ အရမ်းနည်းနေတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံရေး၊ စီးပွားရေး ပထဝီဝင်အနေ အထားအရ မဟာဗျူဟာ ကျသည့်နေရာတွင် ရှိနေသော မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုနှင့် အာဆီယံနိုင်ငံများ အကြားတွင် ပေါင်းကူးသဖွယ် တည်ရှိနေသည့်အတွက် အာဆီယံ စီးပွားရေး ပေါင်းစည်းမှု စတင်ချိန်တွင် မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍကို တိုးမြှင့်ဆောင်ရွက် သင့်ကြောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က အကြံပြုသည်။

The Voice Weekly