ဆီးရီးယားရှိ အယ်လ်ကေဒါ စစ်ဆင်ရေးများတွင် အီရန်မှ ကူညီနေသည်ဟု အမေရိကန် စွပ်စွဲ

ပို့စ်တင်ချိန် - 2/08/2014 05:44:00 PM


ဖေဖော်ဝါရီ ၈။

အီရန်အခြေစိုက် အယ်လ်ကေဒါ အဖွဲ့အစည်းများမှ ဆွန်နီ တိုက်ခိုက်သူများကို ဆီးရီးယားသို့ စေလွှတ်ရာတွင် အီရန်မှ အကူအညီ ပေးနေကြောင်း အိုဘားမား အစိုးရမှ ကြာသပတေးနေ့တွင် စွပ်စွဲခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဌာနမှ အီရန် အကြမ်းဖက်သမား ကွန်ယက်များကို ပစ်မှတ်ထား ချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှု အသစ်၌ အီရန် အရာရှိများသည် ဆီးရီးယား စစ်ပွဲတွင် အတိုက်အခံများကို ကူညီထောက်ပံ့နေကြောင်း စွပ်စွဲမှု ပါဝင်သည်။

အမေရိကန်၏ စွပ်စွဲမှုကို အီရန်မှ ငြင်းပယ်ခဲ့ပြီး ဝါရှင်တန်သည် တီဟီရန်၏ နူကလီးယား အစီအစဉ်ကြောင့် နိုင်ငံတကာနှင့် သံတမန် ဆက်ဆံရေးကို ထိခိုက်စေရန် ကြိုးစားနေကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

အီရန်အခြေစိုက် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့အစည်းမှ အိုလင်မ်ဟွန် အဒ်ခါမိုဗစ်ခ်ျ ဆာဒီကော့ဗ်သည် အယ်လ်ကေဒါ အကြမ်းဖက်ကွန်ယက် အတွက် ဘဏ္ဍာရေးဆိုင်ရာနှင့် လက်နက်ကိရိယာများကို ထောက်ပံရန် အီရန် အရာရှိများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းကို အမေရိကန် ဘဏ္ဍာရေးဌာနမှ ဖော်ပြထားသည်။ ဂျဖာအယ်လ်ဥဇဘတ်ကီ ဟုလည်း ခေါ်ဆိုကြသည့် ဆာဒီကော့ဗ်နှင့် ဂျဖာမူဒီနော့ တို့သည် အာဖဂန်နစ္စတန် နယ်ခြားအနီး အီရန်ရှိ မာက်ရှဟတ်တွင် အခြေစိုက်ပြီး အယ်လ်ကေဒါ လူသစ်များနှင့် နိုင်ငံရပ်ခြား ကြေးစား တိုက်ခိုက်သူများကို ဗီဇာများနှင့် ပတ်စ်ပို့တ်များကို ထုတ်လုပ်ပေးလျက် ရှိသည်။

“ ဒီအမျိုးသားဟာ အစွန်းရောက်ဝါဒီတွေနဲ့ ကြေးစား တိုက်ခိုက်ရေးသမားတွေကို ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရန် နိုင်ငံတွေကြားမှ သွားလာနိုင်အောင် လုပ်ဆောင်ပေးနေပါတယ် ” ဟု ဘဏ္ဍာရေးဌာနမှ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ဥဇဘက်ကီသည် အီရန်အခြေစိုက် အယ်လ်ကေဒါ ခေါင်းဆောင် ယာဆင်အယ်လ်ဆူရီအတွက် ဘဏ္ဍာရေးကို အဓိကပံ့ပိုးသူ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။ အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများကို ပါကစ္စတန်မှ ဆီးရီးယားသို့ ပို့ဆောင်လျက် ရှိသည့် အယ်လ်ကေဒါ၏ လုပ်ဆောင်မှုများတွင် တာဝန်ရှိသူအဖြစ် အယ်လ်ဆူရီအား သံသယရှိကြသည်။

အီရန်ရှိ အယ်လ်ကေဒါ ကွန်ယက်သည် ဂတ်ဖ်ပင်လယ်အော်မှ အလှုငွေများကို ဆီးရီးယားရှိ Nusra Front အဖွဲ့နှင့် အခြား အယ်လ်ကေဒါ အဖွဲ့အစည်းများအတွက် ဖြန့်ဖြူးလျက် ရှိကြောင်း၊ ကူဝိတ်ရှိ ဂျီဟတ်အလှုရှင်များမှ ငွေကြေးများကိုလည်း တူရကီမှ တစ်ဆင့် ဆီးရီးယားသို့ ပို့ဆောင်နေကြောင်း ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အီရန်သည် ဆီးရီးယား သမ္မတ ဘာရှားအယ်လ်အာဆတ်၏ အဓိက မဟာမိတ်ဖြစ်ပြီး စစ်ရေး၊ ဘဏ္ဍာရေးနှင့် သံတမန်ရေးရာများကို အဓိက ထောက်ပံနေသည်။ အီရန်၏ တော်လှန်ရေး တပ်သားများမှ ရှီးအိုက် တိုက်ခိုက်ရေးသမားများကို အာဆတ တပ်ဖွဲ့များအတွက် လေ့ကျင့်ပေးနေကြောင်း အမေရိကန်မှ မကြာခဏ စွပ်စွဲလေ့ရှိသည်။ Nusra Front အဖွဲ့သည် အာဆတ်၏ တပ်ဖွဲ့များကို ဆီးရီးယားတောင်ပိုင်းတွင် တိုက်ခိုက်လျက်ရှိပြီး အမေရိကန်မှ အယ်လ်ကေဒါနှင့် ပတ်သတ်သော အဖွဲ့အစည်း အဖြစ် ၂၀၁၂ တွင် အမည်ပျက်စာရင်း သွင်းထားခဲ့သည်။

REF: The Daily Star
The Myanma Age