ဗြိတိန်မှ ကမ္ဘာ့လှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး ခရီးသည် ၁၀၀၀ ကျော်ဖြင့် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်

ပို့စ်တင်ချိန် - 2/13/2014 12:04:00 AM


အေးလှိုင်၊ ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၁

ဗြိတိန်နိုင်ငံအခြေစိုက် Fred.Olsen CruiseLines မှ ကမ္ဘာလှည့်ခရီးသည် တင် အပျော်စီးသင်္ဘောကြီး MS.Balmoral သည် ကမ္ဘာလှည့်ခရီးသည် ၁၀၈၅ ဦးနှင့် သင်္ဘောဝန်ထမ်း ၅၁၆ ဦးတင်ဆောင်ပြီး ဖေဖော်ဝါရီ ၁၁ ရက်မွန်းလွဲ ၂ နာရီခွဲတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုဆိပ်ကမ်းမှ တစ်ဆင့် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။

အဆိုပါ ကမ္ဘာလှည့်သင်္ဘောကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာနတို့၏ပံ့ပိုးကူညီမှုဖြင့် Myanmar Voyages International Tourism Co.,Ltd ၏ စီစဉ်
ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောကြီးပေါ်ရှိခရီးသည်အများစုမှာ ဗြိတိသျှလူမျိုး အများဆုံးပါဝင်ကြပြီး ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသည်များ လည်းပါဝင်လာသည်။
ယင်းကမ္ဘာလှည့်ခရီးသည်များသည် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်း၌ ရန်ကုန်မြို့တွင်းနှင့် ရွှေတိဂုံစေတီတော်သို့ လှည့်လည်လေ့လာကြမည်
ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် (ယနေ့)နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့နှင့် ပုဂံဒေသများသို့ တစ်ညအိပ်နှစ်ရက်ခရီးစဉ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့တွင်း၊ သန်လျင်နေ့တစ်ဝက်ခရီးစဉ် သန်လျင်ဈေးနှင့် သန်လျင်ကျိုက်ခေါက် ဘုရားတို့သို့ သွားရောက် လေ့လာကြမည် ဖြစ်သည်။

MS.Balmoral ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘောကြီးသည် ဖေဖော်ဝါရီ
၁၃ ရက် ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်းမှ စင်ကာပူနိုင်ငံသို့ ခရီးဆက်မည်ဖြစ်သည်။

Myanmar Voages International Tourism Co.,Ltd ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကလည်း ဗြိတိန်နိုင်ငံအခြေစိုက် All Leisure Group PLC ကုမ္ပဏီနှင့် Azamara Club Cruises Lines မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ရန်ကုန်မြို့သို့ လာရောက်လေ့လာခဲ့ကြသည်။

ယခုရောက်ရှိလာသည့် ကမ္ဘာလှည့်သင်္ဘောကြီး MS.Balmoral သည် ယခင်ကမ္ဘာလှည့်သင်္ဘောများထက် ပိုမိုကြီးမားပြီး လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည် ပိုမိုများပြားကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ