မီးဘေးသင့် ဈေးသူ ဈေးသားများကို ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော် ထုတ်ချေးမည်ဟုဆို

ပို့စ်တင်ချိန် - 2/17/2014 08:18:00 PM


တောင်ငူ၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုတွင် ဆုံးရှုံးမှု တန်ဖိုးသည် မူလ ခန့်မှန်းထားသည်ထက် ပိုမို ဆုံးရှုံးခဲ့သည့် အတွက် မီးဘေးသင့်ခံ ဈေးသူ ဈေးသားများကို အတိုးနှုန်း သက်သာစွာဖြင့် ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော်ကို ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

မီးဘေးသင့်ခံ ဈေးသူ ဈေးသားများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်ငူမြို့နယ် ခပေါင်း ခန်းမဆောင်တွင် တွေ့ဆုံစဉ် တောင်ငူမြို့သား တစ်ဦးဖြစ်သူ ဦးခင်မောင်အေးက ယင်းကဲ့သို့ ကတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် တောင်ငူ မြို့မဈေးကြီး ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ (၁) ၊ မင်္ဂလာရုံ (၂) ၊ မင်္ဂလာကြားရုံ၊ A ရုံ ၊ B ရုံ ၊ A ကပ် ၊ B ကပ် ၊ ရုံ အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၅၉၈၀ သိန်းခန့် ရှိကြောင်းနှင့် လူတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးမှု မရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ကနဦး သတင်းတွင် ဖော်ပြခဲ့သော်လည်း အသေးစိတ် စစ်ဆေးမှုများ ပြုလုပ် ပြီးနောက်တွင် ဈေးရုံပေါင်း ၃၈ ရုံအနက် ၁၈ရုံ၊ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်းနှင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်းပေါင်း ၄၀,၀၀၀ နီးပါး ရှိနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဈေးသူ ဈေးသားများနှင့် အခွန်ဦးစီး ဌာန ရုံးခန်းတွင် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ကျွန်တော်တို့အနေနဲ့ ဆုံးရှုံးမှု တန်ဖိုးက အကုန် ကုန်တာပဲ ပြောရမှာပေါ့။ ဒါကြောင့် ဦးခင်မောင်အေး ချေးပေးမယ့် ငွေကို ယူရမှာပါ။ ချေးငွေ အတိုးနှုန်းကတော့ သူပြောတဲ့အတိုင်း တကယ်ဖြစ်ဖို့လည်း လိုတာပေါ့နော်။ ပြောရရင် အကုန်လုံး တစ်က ပြန်စရမှာလေဟု တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုတွင် ဈေးဆိုင်ခန်း နှစ်ခန်းနှင့် ကုန်ခြောက်ဆိုင် ပါဝင်ခဲ့သူ ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

သမဝါယဘဏ် လီမိတက် အနေနှင့် မီးဘေးသင့်ခံ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်း၏ ဈေးဆိုင် ပိုင်ရှင်ပေါင်း ၆၀၀ ကျော်ကို ငွေတစ်ရာလျှင် အတိုးနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အစုအဖွဲ့အလိုက် ထုတ်ချေး ပေးသွားမည် ဖြစ်ပြီး ချေးယူသူများ အနေနှင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီ ကုန်ကျ စရိတ်များ အပါအဝင် ငွေတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမှန်တကယ် ချေးယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း C. B Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးက မီးဘေးသင့် ဈေးသူ ဈေးသားများကို အားပေးစကား ပြောကြားရာ၌ ကတိပေး ပြောဆိုခဲ့သည်။

ဈေးသူ ဈေးသားများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန် တွေ့ဆုံစဉ် မြို့မိမြို့ဖများနှင့် ဈေးသူ ဈေးသားများ၏ တောင်းဆိုချက်များအရ ယာယီဈေး မြေနေရာကို တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက် ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်ဒါကွင်းအတွင်း ဈေးဆိုင်ခန်း ပေါင်း ၁၁၀၀ ကျော်ကို အခမဲ့ ပြန်လည် ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
The Voice Weekly