ဝန်ကြီးမင်းဗိုလ်ချုပ်လက်ဝါးမှာ ကျွန်တော့်ပါးရာကြီး ထင်ပါ့မယ်

ပို့စ်တင်ချိန် - 2/05/2014 03:36:00 PM


ဘာနိုင်ငံရေး သမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့် နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ် ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲ တယ်ကွဆိုပြီး မိန့်ခွန်း ပြောလာတာ ဆိုတဲ့ ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဆိုသူရဲ့ စကားကို ကြားလိုက်ရ၊ ဖတ်လိုက်ရတော့ ပါးတောင် စပ်ဖျဉ်းဖျဉ်း ဖြစ် လာမိပါတယ်။ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) မကြာခဏ ရွတ်ပြတတ်တဲ့ ကဗျာလေးထဲက ကျွန် တော့်ရင်ထဲ ခံစားရလွန်းလို့ အရိုးစွဲနေအောင် မှတ်မိနေတဲ့ “သူ့လက်ဝါးမှာ ငါ့ပါးရာကြီးနဲ့” ဆိုတဲ့ စကား စုလေးက နားထဲ ပဲ့တင်ထပ်သွားသလို ပါပဲ။ အော် ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေ စိတ်ကူးနဲ့ရေးခဲ့တဲ့ ကဗျာမှ မဟုတ်တာ။ လက်တွေ့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပါလားဆိုတာကို အဲဒီလို လူကိုလူဟု မမှတ်သော ရက်စက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ကြတဲ့ န၀တ တာဝန်ရှိပုဂ်္ဂိုလ်ကြီးတွေ ကိုယ်စား ဗိုလ်ချုပ်အုန်းမြင့် ကိုယ်တိုင်ကမှန်ကန်ကြောင်း သမိုင်းဝင်စကားနဲ့ သက်သေထူ လိုက်တာပါ ပဲလို့ သိမှတ် ယုံကြည်လိုက်ရပါတယ်။

ဒီစကားကိုပြောလို့ စိတ်မဆိုးမိတော့တဲ့အပြင် ဒီလို သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းတင်ရမယ့် စကားအတွက် ကျေးဇူးတောင် တင်မိပါကြောင်း ပြောကြားလိုပါတယ်။

ဒီစကားတွေဟာ ယခင်စစ်အစိုးရကို နာကျည်းမှုများနဲ့ ပြောတဲ့စကား မဟုတ်ပါ ဘူး။ ရင်ထဲမှာ နာကျင်မှု နဲ့ပဲ ပြောတဲ့စကားတွေ ဖြစ်ပါတယ်။ ၀န်ကြီးမင်း မိန့်ကြား ခြိမ်းခြောက်တော်မူသော စကား မိုးကြိုးသွား အတိုင်းပါပဲ။ မြန်မာနိုင်ငံသား ကျွန်တော်တို့ရဲ့ အဘေးတွေလည်း တစ်ခေတ်တစ်ခါက စစ်ဖိနပ်နဲ့ အနင်း အကန် ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အဲဒါဟာ ကျွန်တော်တို့ကို ကျွန်ပြုသွားခဲ့တဲ့ နယ်ချဲ့လက်အောက်ကို ကျရောက်ခဲ့စဉ် အချိန်ကာလကပါ။ ကျွန်တော်တို့ အဘိုးအဘွား၊ ဦးကြီး၊ ဦးလေးတွေလည်း ပါးတွေဘယ် ပြန်ညာပြန် အရိုက်ခံခဲ့ရဖူးပါတယ်။ ဒီတစ်ခါ ကျွန်တော်တို့ကို လက်ဝါး ကောင်းကောင်းနဲ့ ပါးတောင်းသူ တွေကတော့ ကျွန်တော်တို့နိုင်ငံသား ကျွန်တော်တို့ ပြည်သူတွေထဲက ပေါက်ဖွားတဲ့ ကျွန်တော်တို့ သွေး သားလို အစဉ်မမေ့အပ်တဲ့ ပြည်သူ့တပ်မတော်သားကြီးတချို့ ဖြစ်နေပါပေါ့လား။

ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူးဆိုတာကတော့ မှန်သောစကားပါ။ နိုင်ငံရေးပါတီဆိုတာက ကြောက်စရာ မဟုတ်ပါဘူး။ဝန်ကြီးမင်းက ပြည်သူကိုတောင် မကြောက်လို့ ပါးကြိမ်းနားကြိမ်းကြိမ်းမောင်း ရဲတဲ့ သူရသတ်္တိပြည့်စုံသူဆိုတော့ နိုင်ငံရေးပါတီလောက်တော့ ထည့်တွက်မယ့်သူ မဟုတ်တာကိုကောင်း စွာရိပ်စားမိပါတယ်။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ။ နိုင်ငံရေးစကားဆိုတာ အစိုးရအပေါ် မှာစော်ကားတဲ့ ကောင်တွယ်မှာပဲ၊ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲဆိုတာကလည်း ၀န်ကြီး မင်းတို့ စစ်အစိုးရလက်ထက်မှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ လုပ်ရပ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ အပြုခံရ သော နိုင်ငံရေးအကျဉ်းသားတွေဖက်က စကား၊ အခုပြုကျင့်သူ စစ်အစိုးရတာဝန်ရှိပုဂ်္ဂိုလ်ကြီးရဲ့နှုတ်ထွက် စကား နှစ်ဖက်သော စကားရပ်တွေကို ထောက်ချင့်လို့ အမှန်ဖြစ်ကြောင်း သိရပါပြီ။

အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင်“သွား မင်းအချုပ်ထဲနေ၊ ငါတို့အစိုးရက ထွက်ရင်မင်းထွက် ဒါပဲ” ဆို တဲ့ စကားကတော့ လက်ရှိအစိုးရတက်လာပြီးနောက် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးတဲ့ သမ္မတကြီး ရဲ့မူဝါဒကိုများ ရည်ညွှန်းပြောလေသလားတော့ မသိပါဘူး။ န၀တခေတ်က စစ်အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတိုင်း အမျိုးမျိုးသော ပြစ်မှုပုဒ်မများနဲ့ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။ လူသတ်မှုထက်ကြီးမားတဲ့ ပြစ်ဒဏ်တွေကို ခံခဲ့ကြရပါတယ်။

အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေ လူထုခေါင်းဆောင်တွေ၊ ပါတီ အလုပ်အမှုဆောင်တွေနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဆိုရင်တော့ ပြောပြရင်တောင် ယုံနိုင်ဖွယ်မရှိတဲ့ ထောင်ဒဏ်တို့၊ သေဒဏ်တို့၊ ကျွန်း ဒဏ်တို့ ကျခံခဲ့ရပါတယ်။ နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဟာ လက်ခံနိုင်ဖွယ်မရှိလို့ ဆန့်ကျင်သူများ တောင်မှထောင်ဒဏ် ပြင်းထန်စွာ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ခုတော့ သမ္မတကြီးရဲ့ နိုင်ငံရေးအကျဉ်း သား လွှတ်ပေးရေးစီမံချက်ဟာ နိုင်ငံတော်သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ လုပ်ဆောင်ချက် မဟုတ်ဘဲ စစ်အစိုးရရဲ့ ကြိုတင်စီမံချက်အရ ဖြစ်တယ်ဆိုတာ ၀န်ကြီးမင်းရဲ့စကားအရ အလင်းပွင့်ခဲ့ရပါတယ်။

ပြောခွင့်ပေးထားတယ်ပြော၊ ပြောခွင့်ရှိတဲ့အတွက် ကျွန်တော် ပြောတယ်။ ခင်ဗျားတို့သိအောင် ပြောနေ တာ။ အနှစ် ၂၀ ကျော်၊ အနှစ်လေးဆယ်ကျော်သူများတွေ လျှောက်ပြောနေတာ၊ ကျွန်တော်တို့ ခါးကြား မှာ သေနတ်ထိုးပြီးတော့၊ ပုခုံးပေါ်မှာ သေနတ်လွယ်ပြီးတော့ အုပ်ချုပ်ခဲ့တာပဲဟာဆိုတဲ့ စကားကတော့ ၀န်ကြီးနဲ့ ကျွန်တော်တို့ ပြည်သူတွေကြား အငြင်းအခုံဖြစ်စရာ မရှိပါဘူး။ လိုအပ်ရင် ပြည်သူတွေရင်ဝကို သေနတ်နဲ့ ထောက်ပြီးတောင် အုပ်ချုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် ခံစားခဲ့ရတာပါ။ မယုံစရာ မရှိပါဘူး။

ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေ ပြောနေတာ။ ခင်ဗျားတို့ သောက်ရူးတွေ ပြောတာမယုံနဲ့။ အဲဒီ လွှတ်တော်ထဲ ရောက်နေတဲ့ လူတွေအကုန် “အဲဒီလွှတ်တော်ကြီး ဘယ်သူဆောက်ခဲ့သလဲမေး၊ စပ်တပ် က ဆောက်ခဲ့တာ၊ အဲဒီမြို့ကြီး ဘယ်သူတည်ထောင်ခဲ့လဲ စစ်တပ်က တည်ထောင်ခဲ့တာ၊ ဒီလမ်းမကြီး ဘယ်သူဖောက်ခဲ့သလဲ စစ်တပ်က ဖောက်ခဲ့တာ” ဆိုတဲ့စကားကိုတော့ မ၀ံ့မရဲနဲ့ စောဒကတက်ခွင့်ပြု စေချင်ပါတယ်။

အဲဒီလွှတ်တော်ကြီးကို ဆောက်တာ၊ အဲဒီမြို့ကြီးကို တည်ထောင်ခဲ့တာ၊ အဲဒီလမ်းမကြီးကို ဖောက်ခဲ့တာ ဘယ်သူ့ဥစ္စာငွေကြေး ဘဏ္ဍာနဲ့ တည်ဆောက် ဖောက်လုပ်ခဲ့တာလဲဆိုတာလေး ၀န်ကြီး ပြောပြပေးနိုင် မလားလို့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ္ဍာ၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ ငွေကြေးဥစ္စာ တစ်ပြားတစ်ချပ် မှမပါဘဲ စစ်အစိုးရရဲ့ ငွေကြေးဥစ္စာဘဏ္ဍာနဲ့ တည်ဆောက် ဖောက်လုပ်ခဲ့တာဆိုရင်လည်း ကျွန်တော် တို့ပြည်သူတွေက စစ်အစိုးရရဲ့ခေါင်းဆောင်ကြီးတွေကို ကျန်စစ်သားမင်းကြီးရုပ်တုလို ရွှေကိုယ်လေး ရုပ်တုတွေထုလုပ်ပြီး ကိုးကွယ်ပူဇော်ဖို့ ပြည်သူတွေကို နှိုးဆော်ပေးဖို့ တာဝန်ရှိပါတယ်။

တိုင်းပြည်အတွက် ကောင်းစေချင်လို့ နိုင်ငံတော်ဘဏ္ဍာကို တစ်ပြားတစ်ချပ်မှ မသုံးဘဲ ကိုယ်ပိုင်ငွေကြေး ဥစ္စာနဲ့ ကိုယ်ကျိုးစွန့်ပြီး လွှတ်တော်ကြီး၊ မြို့တော်ကြီးကို တည်ခဲ့ဆောက်ခဲ့တဲ့ တိုင်းပြည် ကျေးဇူးရှင်ကြီး တွေကို အလေးမထား ဂါရ၀မပြုမိရင် နိုင်ငံသားတစ်ယောက်ရဲ့တာဝန်မကျေမှာ စိုးရိမ်မိလို့ပါဗျာ။

စစ်တပ်က မဟုတ်တာတွေ လုပ်နေတယ်။ မြေတွေသိမ်းပြီး မဟုတ်တာ လုပ်နေတယ်လို့ပြောနေတဲ့ လူ တွေက ဘယ်လိုလူတွေလဲဆိုတာ ခင်ဗျားတို့ တစ်နေ့ သဘောပေါက်လာမယ် ဆိုတာကတော့ ၀န်ကြီး ပြောသလို ပြည်သူတွေက တစ်နေ့နေ့ထိ စောင့်စရာမလိုဘဲ စကတည်းက သဘောပေါက်ပြီး အခုက တည်းက ပြောနေကြတာပါ။ မဟုတ်တာ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ စစ်တပ်က ပြည်သူတွေ ရဲ့မြေ၊ နိုင်ငံတော်ရဲ့မြေကို သိမ်းခဲ့တာက အမှန်တရားပါပဲ။ စစ်တပ်က ဘာကြောင့် ပြည်သူတွေရဲ့မြေ ကိုသိမ်းသလဲ။ ဘာကြောင့် သိမ်းယူခွင့်ရှိသလဲ။ အဲဒီကိစ္စရပ်တွေကြောင့် စစ်တပ်က ခုထိနိုင်ငံရဲ့ ဥပဒေ ပြုလွှတ်တော် အဆင့်ဆင့်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့၊ တရားစီရင်ရေး မဏ္ဍိုင်တွေကို အမျိုးသား နိုင်ငံရေး အကြောင်းပြပြီး ချုပ်ကိုင်ထားတာ မဟုတ်ဘူးလားလို့မေးရင် ၀န်ကြီးမင်းနဲ့ သက်ဆိုင်ရာ ပုဂ်္ဂိုလ်များ မည်သို့မည်ပုံဖြေဆိုမလဲ ဆိုတာတော့ သိချင်ပါသေးတယ်။

အလကားပြောတာ တရုတ်က ကူညီတယ်ဆိုတာလည်း သူ့အကျိုးအမြတ်ရလို့ ကူညီတာဆိုတာကတော့ အလွန့်အလွန် မှန်ကန်တဲ့စကားမို့ လက်စုံခြေစုံမြှောက်ပြီးတော့ကို ထောက်ခံပါတယ်။ စစ်အစိုးရလက် ထက်မှာ ဒီမိုကရေစီ တည်ဆောက်နိုင်ရေး ပြည်သူတွေက ဘယ်လိုပင်ကြိုးစားသော်လည်း၊ ကုလသမဂ္ဂ က ဘယ်လိုပင် တောင်းဆိုလို့၊ အတိုင်းတိုင်းအပြည်ပြည်က ဘယ်လိုပင်ပြောသော်လည်း အဲဒီ ဆွေမျိုး ပေါက်ဖော် ညီအစ်ကိုနိုင်ငံကြီးရဲ့ အကာအကွယ်ပေးမှုကိုရယူပြီး စစ်အစိုးရ သက်ဆိုးရှည် နိုင်ခဲ့တယ် မဟုတ်လား။ အဲဒီနိုင်ငံကြီးက ရောင်းချပေးတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ အာဏာကို ကျားကန်ခဲ့တယ် မဟုတ်လား။

အဲဒီအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် အဲဒီနိုင်ငံကြီးက လိုအပ်သမျှ မိမိနိုင်ငံရဲ့ စွမ်းအင်၊ သတ္တု၊ သစ် တောစတဲ့ သယံဇာတ ရင်းမြစ်များကအစ စားနပ်ရိက္ခာအဆုံး ဗိုက်နာဈေးနဲ့ ကြိုက်ရာ ရွေးဝယ်ခွင့်ပေးခဲ့ ရတယ် မဟုတ်လား။ မိမိနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကို အပျက်အစီး အထိအခိုက်ခံပြီး၊ မိမိနိုင်ငံရဲ့ ဆိပ်ကမ်းအသုံးပြုခွင့်များ ပေးခဲ့ရတယ် မဟုတ်လား၊ မိမိနိုင်ငံရဲ့ အထွဋ်အမြတ်ထားတဲ့ မြစ်မင်းဧရာဝတီ ကိုတောင် သူတို့နိုင်ငံကို လျှပ်စစ်ဓာတ်အားပေးဖို့ လည်မျိုပေါ်ဒုတ်တင်လို့ စီရင်ခွင့်ပေးခဲ့ရတယ် မဟုတ် လား။

ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာဆိုတဲ့ စကားကတော့ သိပ်မဖြစ်နိုင်ဖူး ထင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀န်ကြီးမင်းတို့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ နှစ်ပေါင်း ၂၀ နီးပါး ကြိုတင် စီမံ ချက်နဲ့ အခြေခံဥပဒေကြီး ရေးဆွဲနေစဉ်မှာပဲ အမျိုးသား နိုင်ငံရေးအသင်းကြီးကို ဖွဲ့စည်းထားခဲ့ပြီး နိုင်ငံ တော်ရဲ့ မြေနေရာများ၊ အဆောက်အအုံများ၊ ငွေကြေးများနဲ့ အင်အားအသင့် ပြင်ထားခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲ မလုပ်ခင်လေးမှာပဲ စစ်ဝတ်စုံကြီးများချွတ်ချ လူဝတ်လဲပြီး အသင့်ပြင်ဆင်ထားတဲ့ အမျိုး သားနိုင်ငံရေး အသင်းကြီးကို ပါတီအဖြစ်ပြောင်းပြီး ရွေးကောက်ပွဲဝင်ခဲ့တာပါ။ အဲဒီအချိန် မတိုင်ခင် ကလေးမှာ လူထုထောက်ခံမှု အများဆုံး အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီး ရဲ့ခေါင်းဆောင်ကို အကျယ်ချုပ် သက်တမ်းတိုးထားခဲ့တာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ထောင်သွင်း အကျဉ်းချထားခဲ့ပြီး ဘက်တူမရှိဘဲ စိန်ခေါ်လို့ ချန်ပီယံဘွဲ့ ခံခဲ့တာပါ။ ဒီကြားထဲ ပြည်သူတွေကို ဘယ်လို ဘယ်ပုံပြုမူပြီး မဲပေးခိုင်းခဲ့တယ် ဆိုတာတော့ သမိုင်းကမှတ်တမ်းတင်မှာမို့ ခု အငြင်းပွားစရာမဖြစ်အောင် မရှင်းဘဲ ထားခဲ့ပါရစေ။

ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့၊ ကန့်လန့် မတိုက်နဲ့ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှ လုပ်မပေးဘူး။ တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်။ ခင်ဗျားတို့ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါ ပြောလိုက်ရုံ ပဲဆိုတဲ့စကားကို ပြည်ထောင်စုဝန်ကြီး တစ်ပါးက ပြောခဲ့ဘူးတယ်လို့ သမိုင်းတွင်စေမယ့် စကားပါပဲ ။

ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရရဲ့ မူဝါဒဆိုတာ ဒီလိုပါလို့ မှတ်ကျောက် အတင်ခံနိုင်စေတဲ့ စကားလည်း ဖြစ်ပါတယ်။ အရင် စစ်အစိုးခေတ်က ပြည်သူတွေအပေါ် ထားတဲ့စေတနာတွေကို အခုအရပ် သားအစိုးရအထိ မပျောက်မပျက် အထိအပွန်းမခံဘဲ သယ်ဆောင်လာတဲ့ ၀န်ကြီးမင်းရဲ့ စိတ်စေတနာကို လည်း ပြည်သူတွေကိုယ်စား မှတ်တမ်း တင်ရပါတယ်။ ဒီလိုစေတနာမျိုးနဲ့ တည်ဆောက်နေတဲ့ နိုင်ငံ တော်သစ်ကြီးဟာ မကြာခင်မှာ ဘယ်စခန်းဘယ်လမ်းနဲ့ နီးပါမယ်ဆိုတာလည်း စိတ်အစဉ်မှာ ကြိတ်ပြီး မြင်ယောင်နေမိပါတယ်။

စေတနာပျက်အောင်တော့ ခင်ဗျားတို့ မပြောနဲ့ သူများတွေပြောနေတယ်။ ဘယ်သူအာဏာရရင် ဘာတွေ လုပ်ပေးမယ်ဆိုတာ အလကားပြောနေတာ။ ရူးလို့ပြောနေတာ၊ အကောင်းဆိုရင် ဒီစကား ယုံစရာကို အကြောင်းမရှိဘူးဆိုတဲ့ ၀န်ကြီးရဲ့ စကားလေးကတော့ အတော်သင်းပါတယ်။ မက်ဖွယ်၊ ချစ်ဖွယ်၊ မြတ်နိုး ဖွယ်ပါပဲ။ အာဏာရရင် ဘာလုပ်ပေးမယ်လို့ ပြည်သူတွေကို ပြောနေတဲ့ ပါတီတွေရဲ့အသံတော့တစ်ခုမှ မကြားမိလို့ ၀န်ကြီးက ဘယ်ပါတီကို ရည်ညွှန်းမှန်း မသိပါဘူး။ ပြောရင်လည်း အဲဒီပါတီက အတော်ရူးလို့ ဖြစ်မှာပါပဲ။ နိုင်ငံမှာ ကြွယ်ဝလှပါတယ်ဆိုတဲ့ သယံဇာတကလည်း ပြောင်တလင်းခါနေချိန်၊ နိုင်ငံတော်က လည်း ကြွေးပတ်လည် ၀ိုင်းနေချိန်၊ လောလောလတ်လတ် မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံထားရတဲ့ နိုင်ငံဆီကတောင် အကူအညီ တောင်းနေရတဲ့အချိန်၊ နိုင်ငံတော် အသုံးစရိတ် (ဘတ်ဂျက်)ကလည်း လွှတ်တော်က သဘောတူမှသုံးနိုင်မယ့် အချိန်မျိုးမှာ ဘာလုပ်ပေးပါမယ် ကတိပေးတဲ့ပါတီက တကယ်ရူး နေလို့ပါပဲ။ ရှေ့ကနေ အနှစ် (၂၀)ကျော် နိုင်ငံရဲ့သယံဇာတတွေကို ကြိုက်သလိုထုတ်ရောင်း၊ နိုင်ငံတော် ရဲ့ဘတ်ဂျက်ကို ဘာခွင့်ပြုချက်မှမလို၊ ဘာအတိုက်အခံ ကန့်ကွက်ချက်မှမရှိ စိတ်ကြိုက်သုံးပြီး လုပ်ချင် တိုင်းလုပ်ခွင့်ရခဲ့တဲ့ အစိုးရကတောင် ဟိုနားတံတားဆောက် ဒီနားလမ်းဖောက်ကလွဲလို့ နိုင်ငံအတွက် ပြည်သူအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ခဲ့တာ မျက်မြင်ပဲ မဟုတ်ပါလားဗျာ။ ပြောလို့ကုန်မယ် မထင်ပါ ဘူး ၀န်ကြီးမင်းရေ။ ဒီစကားတွေ ဖတ်ပြီးရင်တော့ ဇောအဟုန်ကြွ ဒေါသူပုန်ထပြီး အပြစ်မဲတဲ့ပြည်သူတွေ ကို နယ်တကာလှည့်ပြီး ပါးရိုက်မဲ့စကားစိမ်းတွေနဲ့ ဓားပြကြိမ်း မကြိမ်းပါနဲတော့။ ဒီစာကိုရေးမိတဲ့ ထင်လင်းဦး (Wisdom Villa) ဆိုတဲ့ ကျွန်တော် ငမိုက်သားတစ်ကောင်ကိုပဲ အမိန့်တော်နဲ့ အခေါ်လွှတ်ပြီး ပါးရိုက်တော် မူလှည့်ပါ။ ရောက်လေရာအရပ်ကနေ အပြေးလာ ပါးနှစ်ဖက် ဆက်ပါ့မယ်။ ဒါပေမဲ့ တစ်ခု ရှိတာက ၀န်ကြီးမင်းဗိုလ်ချုပ် လက်ဖ၀ါး ကျွန်တော့်ရဲ့ကြမ်းတမ်းတဲ့ပါးရာနဲ့ ချိုင့်မှာထင်မှာတော့ စိုးရွံ့မိ ပါတယ် ခင်ဗျာ ။

ရွံ့ခြင်း၊ ကြောက်ခြင်းများစွာဖြင့် ...

ထင်လင်းဦး (Wisdom Villa)
Mizzima - News in Burmese