နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် မောင်တောတွင် ထပ်မံဆန္ဒပြ

ပို့စ်တင်ချိန် - 2/06/2014 07:03:00 PM


ကေဇူး | ကြာသာပတေးနေ့၊ ဖေဖော်ဝါရီ၊ ၆ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် နိုင်ငံသားဖြစ်မှု ဥပဒေကို အကောင်အထည် ဖော်ပေးရေးအတွက် ဖေဖော်ဝါရီ ၆ရက်တွင် ဒေသခံ ၁၀၀၀ကျော်က ထပ်မံ ဆန္ဒထုတ်ဖော်လိုက်သည်။

နိုင်ငံသားဖြစ်မှု အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်ခြင်းသည် ဖေဖော်ဝါရီ ၃ရက်က စစ်တွေတွင် ထုတ်ဖော်ပြီးနောက် ဒုတိယအကြိမ် ဖြစ်သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်၊ UNHCR နှင့် INGO များ ၇ရက်အတွင်းမောင်တောခရိုင်မှ ထွက်ခွာသွားရန်၊ ကုလသမဂ္ဂက တဖက်သတ် မှားယွင်းကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး အလေးအနက်ဆောင်ရွက်ပေးရန်၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှုကို ဥပဒေအတိုင်းအမြန်ဆုံး ဆောင်ရွက်ပေးရန် စသည့်အချက်များကို တောင်းဆိုထားသည်။

"ပဋိပက္ခတွေ ရခိုင်ပြည်နယ် အနှံ့မှာဖြစ်နေတယ် ဖြစ်လိုက်တိုင်း ကုလနဲ့ နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေက ဝိုင်းဝိုင်းပြီးပြောတယ် ဒါဟာ ရိုးသားမှုမရှိဘူး လို့ယူဆတယ်။ အစိုးရအနေနဲ့ ဥပဒေကိုတိတိကျကျ မကိုင်တွယ်ရင် ပြဿနာကမပြီးနိုင်ဘူး”ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဦးစံညွှန့်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာတွင် အရပ်သားများနှင့် ရဲအမှုထမ်းတစ်ဦး သတ်ဖြတ်ခံရသည်ဟူသော သတင်းများနှင့်ပတ်သက်၍ ဘက်မလိုက်သည့် အရေးပေါ်စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူး Valerie Amos က ဇန်န၀ါရီ ၂၃ရက်တွင် အရေးပေါ် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ရခိုင်ဒေသခံများကမူ ယင်းထုတ်ပြန်ချက်သည် တစ်ဖက်သတ် စွတ်စွဲခြင်းသာ ဖြစ်သည်ဟု စွပ်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“၂၀၁၅ မတိုင်ခင်တော့ ဒီနိုင်ငံသားဖြစ်ခွင့်တွေ အဖြူရောင်ကဒ်တွေကိစ္စဟာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်”ဟု ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးကိုကိုကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်က မသီတာထွေးသေဆုံမှုနှင့် ပတ်သက်ပြီး လူမျိုးစုနှစ်စု ပဋိပက္ခဖြစ်ပွားရာမှ ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဒုက္ခသည် တစ်သိန်းကျော် ရှိသည်။

ပြီးခဲ့သော ဇန်န၀ါရီလအတွင်းက တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခြင်းနှင့် ဘင်္ဂလီကျေးရွာတွင်းတွင် ရွာသားများ အကြမ်းဖက်ခံရသည့် သတင်းများကြောင့် နိုင်ငံတကာက ပြန်လည်အာရုံစိုက်လာခဲ့သည်။ လက်ရှိတွင် ရခိုင်ပြည်နယ်တွင်းရှိမြို့နယ် အများစုတွင် ညမထွက်ရအမိန့် ချမှတ်ထားဆဲဖြစ်သည်။

Mizzima - News in Burmese