နိုင်ငံကူးလက်မှတ်လိမ်လည်ခံရဟုဆိုကာ မြန်မာနိုင်ငံဝင်ရောက်လာသူကို အရေးယူ

ပို့စ်တင်ချိန် - 2/13/2014 07:12:00 PM



ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် မြန်မာနိုင်ငံကူးလက်မှတ်နှင့် သင်္ဘောသားစာအုပ်တို့ လိမ်လည်ခံရသည် ဆိုပြီး မြ၀တီနယ်စပ်မှ တရားမ၀င် ပြန်လည်ဝင်ရောက်လာသူကို ဒေါပုံလ၀ကက အရေးယူပေးရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုမှာ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အမှတ် (၈၅)နေ ဦးအောင်ကိုကို (၂၉)နှစ်၊ ဥယျာဉ်ခြံ လုပ်ငန်းလုပ်ကိုင်သူသည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်သို့ သင်္ဘောတက်ရန် တရားဝင်ထွက်ခွာခဲ့သည် ဟု ဆိုထားသည်။

ထို့နောက် ခြောက်လခန့်အကြာ မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သင်္ဘောချိန်း၍ ပြောင်း ရွှေ့လုပ်ကိုင်စဉ် မြန်မာနိုင်ငံကူးလက်မှတ်နှင့် သင်္ဘောသားစာအုပ်တို့မှာ လိမ်လည်ခံခဲ့ရသည်ဟု ရဲထံ တွင် ထွက်ဆိုထားသည်။

ထို့နောက် မြန်မာနိုင်ငံသို့ မြ၀တီနယ်စပ်ရှိ တရားမ၀င်ဂိတ်မှ တရားဝင်အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ ၀င်ရောက်ခဲ့သည်ဟု ဒေါပုံလူဝင်မှုကြီးကြပ်ရေးက စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော)ပြဋ္ဌာန်းချက် အက်ဥပဒေပုဒ်မ ၃(၂)ကို ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အောင်ကိုကိုအပေါ် အရေးယူပေးရန် ဒု- လ၀ကမှူး စိုးဝင်း သန်း (ဒေါပုံမြို့နယ်)က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကြောင့် ဒေါပုံရဲစခန်း က (ပ)၃၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး အထက်ပါ လ၀ကဥပဒေပုဒ်မ ၃(၁)ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Mizzima