မိတ္ထီလာတွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်ခဲ့ရသော လူသတ်မှု စတင်စစ်ဆေး

ပို့စ်တင်ချိန် - 2/23/2014 07:48:00 PM


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်ခဲ့ရသော လူသတ်မှုတွင် ပါဝင်ခဲ့သူ သုံးဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်စစ်ဆေးလျက် ရှိကြောင်း ယင်းမြို့နယ်တရားရုံး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်က ပြည်သာယာတောင် ရပ်ကွက် (၁) လမ်း အိမ်အမှတ် (က/၄၃) တွင် ဝင်းကိုကို (ခ) ဖိုးပြူး (၂၅) နှစ်နှင့် မယားညီအစ်ကို တော်စပ်သူ အောင်ဇော်ထွေး (၂၀) နှစ်တို့ မိသားစု အိမ်တွင်းရေး ပြဿနာများကို အကြောင်းပြု၍ စကားများ ရန်ဖြစ်ခဲ့ရာ ယင်းရန်ပွဲသို့ ပါဝင်ခဲ့သူ အောင်ဇော်ထွေး၏ အစ်ကိုရင်းဖြစ်သူ ဇော်ထက် (ခ) ဖိုးနီ (၂၄)နှစ်က ဝင်းကိုကို (ခ) ဖိုးပြူးကို အရိုးအသွား ခြောက်လက်မခန့်ရှိ ခလုတ်ဓားဖြင့် ထိုးခြင်း၊ ညီအရင်းဖြစ်သူ ဇော်မျိုးထွေး (၁၄) နှစ်ကလည်း လေးခွနှင့်ပစ်ခြင်း၊ တို့ကြောင့် ဝင်းကိုကို (ခ) ဖိုးပြူးမှာ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းကြောင့် အောင်ဇော်ထွေးတို့ ညီအစ်ကို သုံးဦးကို အမှတ် (၃) ရဲစခန်းက (ပ)၈/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်၊

ယင်းအမှုကို အမှတ် (၃) ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းက တရားလိုပြု၍ သက်ဆိုင်ရာ တရားရုံးသို့ တင်ပြခဲ့ရာ မိတ္ထီလာ ခရိုင်တရားသူကြီးရုံး (၂) က ပြစ်မှုကြီး အမှတ် ၄/၁၄ ဖြင့် လက်ခံကာ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ဇော်ထက် (ခ) ဖိုးနီနှင့် အောင်ဇော်ထွေးတို့ကို ရုံးတင်စစ်ဆေးခဲ့ပြီး မိတ္ထီလာမြို့နယ် တရားသူကြီးရုံး (ကလေးသူငယ်ရုံး) က ဇော်မျိုးထွေးကို ပြစ်မှုကြီးအမှတ် ၁/၁၄ ဖြင့် လက်ခံကာ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ တရားရုံး အသီးသီးထံမှ စုံစမ်းသိရှိရသည်။

ထိုနေ့ညပိုင်းက ဘာသာမတူသူချင်း လူသတ်မှု ဖြစ်ပွားသည်ဟူသော သတင်းကြောင့် မိတ္ထီလာတွင် ပဋိပက္ခ ထပ်မံဖြစ်ပွားလာမည်စိုး၍ ရဲတပ်ဖွဲ့က အရေးပေါ် လုံခြုံရေး အခြေအနေ တိုးမြှင့်ခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly